big big slider

Nav Menu Pages

Wednesday, 27 August 2014

မြတ်စွာဘုရားသည် ဗေဒင်ကို လက်မခံပါ

နက္ခတ္တံ ပဋိမာနေန္တံ

အတ္ထော ဗာလံ ဥပစ္စဂါ

အတ္ထော အတ္ထဿ နက္ခတ္တံ

ကိံကရိဿန္တိ တာရကာ ။

နက္ခတ္တံ ၊ နက္ခတ်ကို ။ ပဋိမာနေန္တံ ၊ စောင့်မျှော်နေသော ။ ဗာလံ ၊ လူမိုက်ကို ။ အတ္ထော ၊ အကျိုးစီးပွားသည် ။ ဥပစ္စဂါ ၊ စွန့်ပစ်သွားပြီး ။ အတ္ထော ၊ အလိုရှိအပ်သော အကျိုးစီးပွား သည် ။ အတ္ထဿ ၊ အလိုရှိသောသူ၏ ။ နက္ခတ္တံ ၊ နက္ခတ်ပင်တည်း ။ တာရကာ ၊ ကောင်းကင် တွင် လှည့်သွားနေသော နက္ခတ်တို့သည် ။ ကိံကရိဿန္တိ ၊ အဘယ်ကို ပြုပြင်နိုင်အံ့နည်း ။

ထိုပါဠိ ဂါထာသည် ဗေဒင်ကို ဘုရားလက်မခံဘူး ဆိုရာတွင် ပြသော ခိုင်မာသည့် အထောက်အထားဖြစ်သည် ။ အဓိပ္ပာယ်အား ပိုရှင်းအောင် ပြောရမည်ဆိုလျှင် -

“ နက္ခတ်ကို စောင့်မျှော်နေသော လူမိုက်အား အကျိုးစီးပွားသည် စွန့်ပစ်သွားပြီး ၊ နက္ခတ်ကို စောင့်မျှော်လျက် နက္ခတ်မကောင်းလို့ နက္ခတ်ကောင်းမည့်ရက်ကို စောင့်မျှော်လျက် နေသော လူမိုက်သည် သူလုပ်ရမည့်အလုပ်အား အချိန်မီ မလုပ်လို့ သူလိုချင်တဲ့အကျိုးကို မရ တော့ပေ ။ “ ထို့ကြောင့် အကျိုးစီးပွားသည် သူ့အား စွန့်ပစ်သွားပြီဟု ဆိုခြင်းဖြစ်သည် ။

“ အလိုရှိအပ်သော အကျိုးစီးပွားသည် အလိုရှိသူ၏ နက္ခတ်ပင်တည်း “ ဆိုသည်မှာ ကိုယ်လိုချင်သည်က ကောင်းတာဖြစ်လျှင် ကိုယ့်နက္ခတ် ကောင်းသည်ဟု ဆိုခြင်းဖြစ်သည် ။ ကောင်းတာလုပ်ချင်လျှင် နက္ခတ်ကောင်းသလားဟု မေးနေဖို့ မလိုတော့ပေ ။ နက္ခတ်အမြဲ ကောင်း၏ ။ မကောင်းတာလုပ်ချင်လျှင် နေ့တိုင်းသည် နက္ခတ်မကောင်းသော နေ့တွေပဲဖြစ်၏။ နေ့ကောင်းရက်ကောင်း ရွေးနေဖို့ မလိုတော့ပေ ။ ကိုယ်လုပ်ချင်သောအလုပ်သည် ကောင်း သောအလုပ်လား ၊ မကောင်းသောအလုပ်လားဟု စဉ်းစားဖို့ပဲလို၏ ။

“ ကောင်းကင်တွင် လှည့်သွားနေသော နက္ခတ်တို့သည် အဘယ်ကိုပြုနိုင်ပါအံ့နည်း “ ဆိုသည်ကား အဓိပ္ပာယ်ရှင်းပါသည် ။ နက္ခတ်က ကောင်းတာလည်းလုပ်မပေးနိုင် ၊ မကောင်း တာလည်း လုပ်မပေးနိုင် ဟုဆိုလိုသည် ။

ဤဂါထာအရ ဗေဒင်မေးခြင်းသည် လူမိုက်တွေ ၊ ဥာဏ်ပညာနည်းသောသူတွေလုပ် သောအလုပ်ဟု ဆိုလိုသည် ။ လူမိုက်ဆိုသည်မှာ ဥာဏ်ပညာနည်းသောသူအားခေါ်ခြင်းဖြစ် ၏ ။

ဥာဏ်နည်းသောကြောင့် ဗေဒင်မေးခြင်းဖြစ်၏ ။ အမှန်တကယ် ဥာဏ်ရှိသောသူ သည် ဗေဒင်မမေးပေ ။ အကြောင်းအကျိုးကိုက်အောင် စဉ်းစားပြီး လုပ်သင့်သည်ကို အချိန် မရွှေ့ ၊ နေ့မရွေးပဲလုပ်၏ ။

“ အဇ္စျေဝ ကိစ္စံ ကာတဗ္ဗံ ။ “ ပြုသင့်သော ၊ ကောင်းသော အလုပ်ကိစ္စကို ဒီနေ့ပင် ပြု လုပ်ရာ၏ …..။ “ ပြုသင့်သောကိစ္စအား နေ့ကောင်းရက်ကောင်းရွေးပြီး ပြုရာ၏ “ ဟု မဟော ပေ ။

သဘာဝတရားအား အကြောင်းအကျိုးကိုက်အောင်နားလည်သည့် ဥာဏ်မရှိသော ကြောင့် သဘာဝမကျခြင်းတို့အား ကြောက်ကြ၏ ။ ကြောက်သောကြောင့် သဘာဝမကျခြင်း တို့အား , အားကိုးပြန်၏ ။ အားငယ်စိတ်ကြီးသောကြောင့် မိမိဥာဏ်ကို မိမိအားမကိုးနိုင်သော ကြောင့် အားကိုးစရာအား အပြင်မှာရှာဖွေကြ၏ ။

“ အတ္တဟိ အတ္တနော နာထော ။ “ “ မိမိသည်သာလျှင် မိမိ၏ အားကိုးရာ ၊ အားထား ရာ “ ဆိုသည်ကို အကြိမ်ဘယ်လောက်ပင် ကြားရကြားရ အမှန်တကယ် မယုံနိုင်ကြပေ ။ အခြားမှာပဲ အားကိုးရာကို ရှာဖွေကြ၏ ။

စိတ်ပညာရှင်များ သုတေသနလုပ်ပြီး တွေ့ရှိရသော အချက်တစ်ချက်ရှိ၏ ။ လူတွေ အားငယ်လာသည့်အခါ ၊ powerless ဖြစ်လာသည့်အခါ magic ကို အားကိုးကြသည်ဟု ဆိုပါ သည် ။ အားငယ်လာသည့်အခါ ဗေဒင် ၊ ယတြာ ၊ ဘိုးတော် ၊ မယ်တော် ၊ နတ် ၊ လက်ဖွဲ့ ၊ အဆောင် စသည်များကို အားကိုးလာကြ၏ ။ ဥာဏ်ပညာနည်းခြင်းနှင့်အားငယ်ခြင်းသည် ဒွန် တွဲနေ၏ ။ အမှန်တကယ် ဥာဏ်ရှိသည်မှန်လျှင် ထိုအရာများကို အားမကိုးတော့ပေ ။

လွန်ခဲ့သည့်နှစ်ပေါင်း ၃၀၀၀ခန့်တွင် သိပ္ပံပညာ မထွန်းကားသေးပေ ။ လူတွေသည် သဘာဝတရားကို စိတ်ဝင်စားပေမယ့် သဘာဝကျကျ ၊ တိတိကျကျ မလေ့လာနိုင်ခဲ့ပေ ။ ဘာ ကြောင့် ဖြစ်တာလည်း ဆိုသည့်မေးခွန်းအား အကြောင်းအကျိုးကိုက်အောင် ၊ သဘာဝကျ အောင် မဖြေဆိုနိုင်ခဲ့ပေ ။ “ မိုးဘာဖြစ်လို့ ရွာတာလဲ “ ဟုမေးလျှင် သိကြားမင်းလုပ်သော ကြောင့် ရွာတာဟု ဖြေကြ၏ ။ သိပ္ပံပညာ မထွန်းကားသောခေတ် ၊ သဘာဝကျကျ မစဉ်းစား နိုင်သောခေတ်က လူတွေ၏ဘ၀တွင် အကောင်းအဆိုး တစ်ခုခုဖြစ်လာခဲ့လျှင် သဘာဝကျ သော အဖြေကို မပေးနိုင်သောကြောင့် ကြံဖန်၍ ဖြေကြရ၏ ။ ဖန်ဆင်းရှင်ဘုရားသခင် ဖန်ဆင်းသောကြောင့် ၊ နက္ခတ်မကောင်းသောကြောင့် ၊ ဇာတာမကောင်းသောကြောင့် ဟုဆို ပြီး အကြံအဖန် အဖြေများပေးကြ၏ ။

နောက်ပြီး ဘုရင်တွေသည် လူတွေရဲ့ဘ၀အား စိုးမိုးချင်သောကြောင့် စစ်တပ်အင်အား ကိုသုံးပြီး စိုးမိုးကြ၏ ။ ပုဏ္ဏားတွေသည်လည်း လူတွေရဲ့ဘ၀အား စိုးမိုးချင်ပေမယ့် သူတို့တွင် စစ်တပ်မရှိပေ ။ စစ်တပ်မရှိတော့ လူတွေကြောက်အောင် တစ်နည်းနည်းနှင့် လုပ်မှဖြစ်မည်ဟု တွေးကြံကြ၏ ။ ထိုအခါ လူတွေမှာ အဆင်မပြေခြင်းများ တစ်ခုခု ဖြစ်လာခဲ့ပြီဆိုလျှင် ဘာ ကြောင့်ဖြစ်တယ်ဆိုသည်ကို သူတို့သိသည် ။ နက္ခတ်မကောင်းသောကြောင့် ယတြာချေရမည် ဆိုပြီး လူတွေရဲ့ဘ၀တွင် သူတို့နေရာရအောင် လုပ်ကြ၏ ။

အဆင်မပြေခြင်းများ ဖြစ်သည်မှာ မထူးဆန်းပေ ။ ရာသီဥတုမကောင်းလို့ ၊ မိုးမမှန်လို့ အသီးအနှံတွေ အထွက်မကောင်းဘူး ။ ရေကာတာ ၊ ရေလှောင်ကန်တွေ လုပ်ဖို့လို၏ ။ ဗေဒင် ဆရာများ ၊ နတ်ဆရာများက နတ်တင်ပါ ၊ ပူဇော်ပါ ၊ ပသပါ ၊ မိုးရွာလိမ့်မည်ဆိုပြီး သဘာဝ မကျသော လုပ်နည်းများဖြင့် ပြောကြ၏ ။ ထိုနည်းများဖြင့် သူတို့၏ စားဝတ်နေရေးကို ရှာကြ၏ ။ လူတွေဥာဏ်နည်းလေလေ သူတို့နေရာ ရလေလေပင်ဖြစ်၏ ။

ရောဂါဖြစ်လျှင် နတ်တွေဖမ်းစားသောကြောင့် ဗလိနတ်စာ ကျွေးရမည် ၊ နတ်တင်ရ မည်ဆိုပြီး သဘာဝမကျခြင်းများအား လုပ်ခိုင်းကြ၏ ။ ဂြိုလ်စီးဂြိုလ်နင်း မကောင်းသောကြောင့် ယတြာချေရမည်ဆိုပြီး ဗေဒင်ဆရာများခိုင်းကြ၏ ။

အိမ်ထောင်ရေး အဆင်မပြေခြင်းများလည်းထို့အတူပေ ။ ယတြာချေဖို့ပဲပြောကြ၏ ။ သူတို့ပြောတတ်တာ ဒီတစ်ခုပဲ ရှိသည် ။ ဥာဏ်နှင့်ဖြေရှင်းဖို့ သူတို့ ဘယ်တော့မှ မပြောပေ ။ ဘာဖြစ်လို့မပြောတာလည်းဆိုတော့ သူတို့သည် ဥာဏ်ကို မယုံကြခြင်းပင်ဖြစ်၏ ။

သဘာဝအားနားမလည်သည့်အချိန်နှင့်သဘာဝအားနားလည်သည့်အချိန်တွင် လုပ်ပုံ လုပ်နည်း မတူတော့ပေ ။ နားမလည်သည့်အချိန်တွင်လုပ်ခဲ့သည်ကို အပြစ်မတင်လိုပေ ။ နား လည်လာသည့်အခါမှာတော့ သဘာဝကျခြင်းကို လုပ်ရမည်ဖြစ်၏ ။ နှစ်ပေါင်း၃၀၀၀ခန့်ကာလ တွင် တိုးတက်လာသည်မှာ အံ့မခန်းပင်ဖြစ်၏ ။ ယခုအချိန်တွင် သဘာဝမကျသော လုပ်နည်း များအား စွန့်ပယ်ရမည်ဖြစ်၏ ။ ဘာဖြစ်လို့ မစွန့်ပယ်ကြတာလည်းဆိုတော့ -

မိမိဥာဏ်ကို မိမိအားမကိုးလို့ ၊ မိမိကိုယ်ကို ဘာလုပ်ရမည်ဆိုသည်ကို မဆုံးဖြတ်နိုင်လို့ သူများအား ဆုံးဖြတ်ခိုင်းကြခြင်းဖြစ်၏ ။ သူများဆုံးဖြတ်သည်ကို လက်ခံကြ၏ ။ ဗေဒင်ဆရာ က ဆုံးဖြတ်ချက် ချပေးရ၏ ။ မိမိကိုယ်ကို ဘာလုပ်ရမည်ကို မဆုံးဖြတ်ရဲကြပေ ။

ဗေဒင်ဆရာများသည်လည်း လူတွေရဲ့ဘ၀မှာ နေရာအများကြီး ယူချင်ကြ၏ ။ ကလေး မွေးလျှင် သူတို့အားပင့်ပြီး ဇာတာရေးခိုင်းကြ၏ ။ ဇာတာမှမရေးထားလျှင် တစ်ခုခုတော့ ဖြစ် တော့မည်ထင်ကြ၏ ။ ဇာတာကောင်းသည် ၊ ရာဇဘွားဆိုလျှင် မိဘများပျော်နေကြ၏ ။ မိမိ သားသမီး၏ဘ၀အား မွေးခါစကတည်းက ဗေဒင်ဆရာလက်ထဲ အပ်ထားလိုက်ကြ၏ ။ ရာဇ ဘွားဖြစ်ရုံနှင့် ဘာမှဖြစ်လာမှာ မဟုတ်ပေ ။ ဥာဏ်ပညာရှိအောင် ၊ အရည်အချင်းရှိအောင် ၊ အလုပ်ကို အများလည်းအကျိုးရှိ မိမိလည်းအကျိုးရှိအောင် ကြိုးစားပါမှ ကြီးပွားမည် ဖြစ်၏ ။ လူ့လောကတွင် လူတွေ၏လေးစားမှုကိုရဖို့ဆိုသည်မှာ မွေးသောရက်နှင့်ဘာမှမဆိုင်ပေ ။

နောက်ပြီး ကလေးနာမည်ပေးမည်ဆိုလျှင် ဗေဒင်ဆရာအား မေးကြပြန်သည် ။ မိမိ သားသမီး နာမည်ကို မိမိစိတ်ကြိုက်ရွေးပြီး မပေးနိုင်ကြပေ ။ သားသမီး၏နာမည်လည်း ဗေဒင်ဆရာ၏လက်ထဲ ရောက်ရပြန်၏ ။

သားသမီးနေမကောင်းဖြစ်လျှင် ဗေဒင်ဆရာမေးကြပြန်သည် ။ ကျောင်းထားတော့မည် ဆိုလျှင်လည်း မေးရပြန်၏ ။ သူရဿတီမယ်တော်အား ကိုးကွယ်ရပြန်လေ၏ ။ ထို့အပြင် မင်္ဂလာဆောင်ပြန်လျှင်လည်း နေ့နာမ်သင့်ရဲ့လားဆိုပြီး မေးရပြန်လေ၏ ။ သတို့သားနှင့် သတို့သမီး စိတ်ထားချင်း ၊ စရိုက်ချင်း ကိုက်ညီရဲ့လားဆိုတာတော့ မစဉ်းစားကြပေ ။ သဘာဝကျခြင်းအား ဘေးဖယ်ထားပြီး သဘာဝမကျခြင်းကို ရှေ့တန်းတင်ကြ၏ ။ သေတာ တောင် ဗေဒင်ဆရာမပါဘဲ သုဿန်ကို မရောက်ပေ ။

ဗေဒင်ဆရာတွေ ၊ ပုဏ္ဏားတွေသည် လူတွေရဲ့ဘ၀အား လွှမ်းမိုးချင်သောကြောင့် လုပ် လာခဲ့သောနည်းတွေသည် အားငယ်တတ်သောသူတွေများတဲ့ခေတ်မှာ အလွန်ပင် ရေပန်းစား နေ၏ ။ “ ခေတ်မီသူတိုင်း ဗေဒင်မေးကြသည် “ လို့တောင် ပြောရတော့မည်ဖြစ်၏ ။ တကယ် တော့ အရမ်းခေတ်နောက်ကျသောသူတွေသာ ဗေဒင်မေးကြတာဖြစ်၏ ။

လူတွေအားငယ်နေသ၍ ၊ ဥာဏ်နည်းနေသ၍ ၊ ကိုယ့်အားကိုယ်မကိုးသ၍ ဗေဒင် ဆရာများ ထမင်းမငတ်ကြပေ ။ ဒီလိုဆိုတော့ ဗေဒင်ဆရာများ ဘယ်တော့မှ ထမင်းမငတ်ဟု ပြောသလို ဖြစ်သွားပြီ ဖြစ်၏ ။ လူတွေလည်း အားငယ်နေကြဦးမှာပါပဲ ။ မိမိအသိဥာဏ်မိမိ မယုံကြသ၍ အားငယ်နေဦးမှာပါပဲ ။ အားငယ်နေရတာကို ကြိုက်တဲ့လူတွေလည်း ရှိ၏ ။

မိမိဘ၀အား မိမိလက်ထဲမှာပဲ ထားကြပါ ။ ဘာဖြစ်လို့ သူများလက်ထဲ ထားချင်ရတာ လဲ ။ ဆုံးဖြတ်စရာရှိလျှင် မိမိဥာဏ်နှင့်မိမိ ဆုံးဖြတ်ပါ ။ ဒါမှ သတ္တိရှိသောသူ ၊ ဆုံးဖြတ်ရဲသော သူ ဖြစ်လာမည် ဖြစ်၏ ။ မိမိကိစ္စမိမိဆုံးဖြတ်မှသာလျှင် မိမိဘ၀ကိုမိမိတာဝန်ယူတဲ့သူ ဖြစ်လာ မည် ။ တိုင်ပင်ချင်လျှင် သဘာဝကျကျ တွေးတတ် ၊ လုပ်တတ်သော သူနဲ့တိုင်ပင်ပါ ။ သို့ပေ မယ့် နောက်ဆုံး ဆုံးဖြတ်ချက်ကတော့ မိမိဆုံးဖြတ်ချက်ပဲ ဖြစ်ရမည် ။ မိမိဆုံးဖြတ်ချက် မှား လှင်လည်း မိမိကိုယ်တိုင်ပဲ တာဝန်ယူပါ ။ ထိုအခါ တစ်နေ့တစ်ခြား ဆုံးဖြတ်ချက် ပိုမှန်လာ မည် ဖြစ်၏ ။

ထို့ကြောင့် မိမိဘ၀နှင့်ပတ်သက်လာလျှင် သူများအားဆုံးဖြတ်ခိုင်းတာသည် မိမိ ဘ၀က်ုမိမိ တာဝန်မယူတာပဲ ဖြစ်၏ ။ မိမိဘ၀ကိုမိမိတာဝန်မယူသောသူသည် လွတ်လပ်သော သူဖြစ်မလာနိုင်ပေ ။

ဗေဒင်မေးသောသူ ၊ ဗေဒင်ယုံသောသူ ၊ ဗေဒင်ဟောသောသူတွေသည် လွတ်လပ် သောသူ ဘယ်တော့မှ ဖြစ်မလာနိုင်တော့ပေ ။

သူများ၏ဆုံးဖြတ်ချက်နှင့်မိမိဘ၀ကိုနေချင်သောသူသည် အမြဲတမ်း ကလေးဘ၀ မှာပဲ နေရမည်ဖြစ်၏ ။ ဘယ်တော့မှ လူကြီးမဖြစ်တော့ပေ ။

မိမိဘ၀နှင့်ပတ်သက်သည်ကို မိမိကိုယ်တိုင်ဆုံးဖြတ်ပါ ။ မိမိဆုံးဖြတ်ချက် ၊ ရွေးချယ်မှု နှင့် မိမိဘ၀ကို နေနိုင်မှ စိတ်ဓာတ် ရင့်ကျက်လာမည်ဖြစ်၏ ။

All credit to original post owner.

No comments:

Post a Comment