မိန်းမနဲ့ ယောင်္ကျားဟာ တစ်ယောက်နဲ့ တစ်ယောက် ဘာသာ အယူဝါဒချင်း တူဖို့၊ အမျိုးသားရေး နဲ့ နိုင်ငံရေး ယုံကြည်ချက်ချင်းတူဖို့ ပန်းတိုင်ချင်းတူဖို့ အရေးကြီး ပါတယ်။ ဒီယုံကြည်ချက်တွေမှာ တစ်ယောက်နဲ့ တစ်ယောက် မျှဝေခံစားတတ်ဖို့ လိုပါတယ်။ အဲဒီလို ယုံကြည်ချက်တွေကို မျှဝေခံစား နိုင်ကြခြင်းဟာ အချစ်ကို အံ့ဩစရာကောင်းလောက်အောင် ခိုင်မြဲစေပါတယ်။
ဘာသာတရားကို အလွန်အမင်း ကိုင်းရှိုင်းသူများအဖို့ သူ့လို ဘာသာတရား ကို ကိုင်းရှိုင်းခြင်း မရှိသူတစ်ဦးအပေါ်မှာ ရာသက်ပန် စွဲမြဲစွာ ချစ်ဖို့ ဆိုတာ တော်တော်တော့ ခက်ပါတယ်။ ဒီလိုအခါမျိုးမှာ ဘာသာတရားကိုင်းရှိုင်းသူက မကိုင်းရှိုင်းတဲ့ ချစ်သူကို ဘာသာတရားမှာ စွဲမြဲစွာကိုင်းရှိုင်းလာအောင် လုပ်ချင်တယ်။
ဒီတော့ ဘာသာတရား မကိုင်းရှိုင်းသူဟာ တစ်ဘက်သားရဲ့ မျှော်လင့်ချက် ကို ပြိုကွဲမသွားရအောင် ကျွမ်းကျင်ပျော့ပျောင်းဖို့ လိုပါတယ်။ တစ်ဘက်သားရဲ့ ယုံကြည်ချက်ကို လေးစားဖို့ လိုပါတယ်။ ဒီလို ချစ်သူရဲ့အယူဝါဒကိုပြောင်းလဲသက်ဝင် သွားမှသာ၊ ဒါမှမဟုတ်ရင်လည်း ချစ်သူရဲ့ အယူဝါဒကို လေးစားမှသာ အချစ်ဟာ ခိုင်မြဲနိုင်ပါတယ်။ ကိုယ့်ချစ်သူရဲ့ အယူဝါဒကို မျှဝေသက်ဝင်ယုံကြည်နိုင်မှသာလျှင် ချစ်သူဘ၀မှာ ပျော်ရွှင်မှုကို ရနိုင်ပါလိမ့်မယ်။ ဒီနည်းအားဖြင့် ကျွန်တော်တို့ရဲ့ အသိဥာဏ်ပညာဆိုင်ရာ အင်အားစု ဒါမှမဟုတ် ခံစားချက်ဆိုင်ရာ အင်အားစုဟာ မိမိတို့ ရွေးချယ်ထားတဲ့ ပန်းတိုင်ကို အရောက်လှမ်းနိုင်ကြမှာ ဖြစ်ပါတယ်။
အချစ်က တိုက်တွန်းလှုံ့ဆော်လို့ လုပ်လိုက်ရတဲ့ အရာတိုင်းဟာ ကြည်နူး စရာ၊ ပျော်စရာကောင်းလှပါတယ်။ လောကမှာ အချစ်နဲ့ အလုပ်လုပ်ခြင်းကို မှန်ကန်စွာ ပေါင်းစပ် ပေးနိုင်တဲ့ အရာလောက် ပျော်စရာ၊ ကြည်နူးစရာကောင်းတဲ့ အရာရယ်လို့ တစ်ခုမှ မရှိပါဘူး။ ဒီလို မှန်ကန်စွာ ပေါင်းစပ်ပေးနိုင်တဲ့ အတွက် ပညာရှင် ဇနီးမောင်နှံတွေ၊ ဘာသာတရား ကိုင်းရှိုင်းတဲ့ ဥပါ့သကာ-ဥပါ့သကီ ဇနီးမောင်နှံတွေ အများကြီး ပေါ်ထွက်လာခဲ့ ပါတယ်။ သူတို့ဟာ ဇနီးမောင်နှံမျှသာ မဟုတ်ကြတော့ ပါဘူး။ ယုံကြည်ချက်တစ်ခု အလုပ်တစ်ခုကိုအတူပူးတွဲလုပ်နေကြတဲ့ လုပ်ဖော်ကိုင်ဖက်တွေ ဖြစ်လာကြပါတယ်။
ပိုးပန်းတဲ့ အကြောင်းကို ပြောရဦးမယ်...။
ပိုးပန်းမှုတစ်ခုဟာ အချိန်တိုချင် တိုနိုင်တယ်၊ ကြာချင်ကြာနိုင်တယ်၊ သိမ်မွေ့ နူးညံ့ချင် နူးညံ့နိုင်တယ်၊ ရိုးစင်းချင် ရိုးစင်းနိုင်တယ်။ ဘယ်လိုဖြစ်ဖြစ် ပိုးပန်းမှု ပြီးရင်တော့ အချစ်ဟာ ပေါ်ပေါက်လာရတော့ တာပါပဲ။ ဒါပေမယ့် အချစ်ရဲ့ အရွယ်မရောက်မှီ အသေအပျောက်နှုန်း ဟာ များလွန်းလှပါတယ်။ ဒါကြောင့်မို့ အချစ်ကို ဂရုစိုက်ပြီး သင့်လျော်တဲ့ အစာအာဟာရတို့ကို တော့ ကျွေးရလိမ့်မယ်။ ချစ်သူနှစ်ယောက်ကို တစ်ယောက်နဲ့ တစ်ယောက် ဆွဲဆောင်ကြတဲ့ ဆွဲဆောင်မှု ကတော့ တစ်ယောက်နဲ့ တစ်ယောက် အသစ်အဆန်းဖြစ်အောင် လုပ်ဖို့ ကိစ္စပဲ။
အသစ်အဆန်း ဆိုတော့ တစ်ယောက်နဲ့ တစ်ယောက် ဆွဲဆောင်မှု ရှိကြတယ်။ ဒါပေမယ့် အသစ်အဆန်းဟာလည်း ကြာတော့ ရိုးအီသွားတတ်တယ်။ ချစ်စခင်စ ကြင်နာစ မှ တော့ တစ်ယောက်ကို တစ်ယောက် အသစ်တွေ့ရှိချက်တွေ လေ့လာခဲ့ကြတယ်။ ငယ်ငယ်က အကြောင်းတွေ ကို ပြောကြတယ်။ မိတ်ဆွေတွေ အကြောင်းတွေ ကို ပြောကြတယ်။ သီချင်းတွေ ကို ဆိုပြကြတယ်။ ရယ်စရာတွေကိုြောကြတယ်။ အပွေ့အဖက်၊ အယုအယတွေ နဲ့ ကြည်နူးကြတယ်။ ချစ်ဦးသူတို့ရဲ့ ပျော်စရာနေ့သစ်တွေ ပေါ့။ ဒါပေမယ့် ကြာလာတော့ ပြောစရာတွေ ကုန်သွား ကြတယ်။ တစ်ချိန်တုန်းက ရယ်စရာကောင်းတယ်လို့ ထင်ရတဲ့ ရယ်စရာစကား တွေဟာလည်း ငြီးငွေ့စရာကောင်းသွားပြီး ပျင်းခြောက်ခြောက်ဖြစ်လာတတ် ကြတယ်။ ပျော်ပွဲစားရုံထဲမှာ တစ်ယောက်နှင့် တစ်ယောက် စကားမပြောမိကြ တော့ဘဲ ငူငူကြီးတွေ ထိုင်နေကြတဲ့ စုံတွဲတွေကို တွေ့ဖူးတယ် မဟုတ်လား။ အတူနေရတာ ကြာသွား လေလေ သူတို့နှစ်ယောက်တိတ်ဆိတ်မှုဟာလည်း ရှည်လျားလာလေလေဖြစ်လာတော့တာပဲ။
ဒါပေမယ့် ဒီလိုဖြစ်လာတာဟာ အချစ်ကို ခံစားတတ်တဲ့သူတွေ၊ အချစ်ကို အစဉ်အမြဲ ဆန်းသစ် လတ်ဆတ်နေအောင် မလုပ်တတ်တဲ့ သူတွေ မှာသာ ဖြစ်လေ့ ရှိပါတယ်။ တကယ် ချစ်တဲ့သူတွေ ကတော့ ကိုယ့် ချစ်သူရဲ့ အတွေးတွေ ထဲကို နေ့စဉ် လှည့်ပတ်သွားလာရတာကို ပျော်သလို ပေါ့။
တစ်ချို့ကတော့ ကိုယ့်ချစ်သူ အပေါ်မှာ သစ္စာရှိတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အချစ်ကို အလေးအနက်သဘောထားကြလို့ ဖြစ်တယ်။ တချို့ကျတော့ လည်း အိမ်ကို တွယ်တာပြီး ရှက်တတ်ကြောက်တတ်ကြတဲ့ အတွက် ကိုယ့်ချစ်သူ အပေါ်မှာ သစ္စာရှိကြတာ ဖြစ်တယ်။
တစ်နည်းပြောရရင် သူတို့ရဲ့ ပျော်ရွှင်မှုဟာ လုံလုံခြုံခြုံ ကိုယ့်အိမ်ကလေး ထဲမှာ နေလိုတဲ့ ဆန္ဒပေါ်မှာ တည်ဆောက်ထားကြတာဖြစ်တယ်။ ဒါပေမယ့် သည့်ထက် အချစ် ပြင်းထန်သူ ဟာ သူ့ ကိုယ် သူ အသစ် ဖြစ်နေအောင် လုပ်ရမယ်။ ချစ်သူကို ကျေနပ်မှု ပေးတဲ့ နည်း တွေ ဟာ တစ်နေ့ပြီးတစ်နေ့ သုံးဖန်များလာတော့ ကြာလာတဲ့ အခါ ရိုးပြီး ကုန်ခမ်းသွား တတ်တယ်။ ဒါပေမယ့် ချစ်သူကို ကျေနပ်အောင်၊ ကြည်နူးအောင်တော့ လုပ်ကြရမှာပဲ။
တစ်ခါတစ်လေမှာလည်း ဒီလို ကိုယ့် ချစ်သူ ကျေနပ်အောင် တမင် ကြိုးစားမနေရဘဲ အလိုလို မသိမသာ နေထိုင်ပြောဆိုသွားတာတွေဟာ အချစ်ကို လန်းဆတ်စေပါတယ်။ အမှန်ကတော့ လူတစ်ယောက်မှာ စွဲမက်စရာကလေး ရှိနေရင် ဒီ စွဲမက်စရာကလေး ဟာ ဘယ်တော့မှ ပျောက်ပျက် မသွားတတ်ပါဘူး။ စွဲမက်ဖွယ် အချစ်မွှေးကလေးဟာ ဘယ်တော့မှ ကုန်ခမ်းမသွားတတ်ပါဘူး။
ချစ်မွှေးပါလာတဲ့ သူများရဲ့ အမူအရာတိုင်း စကားလုံးတိုင်းဟာ ကြည်နူးစရာ ကောင်း နေတတ်ပါတယ်။ ဇရာ ရောက်သည့် တိုင်အောင် ချစ်မွှေးဟာ ကျန်နေတတ် ပါသေးတယ်။ လှပတဲ့ မျက်နှာတစ်ခု ဟာ အိုမင်းသွားတဲ့ အခါမှာတောင် ကျက်သရေ ရှိနေပါသေးတယ်။ ဖြူဖွေးနေတဲ့ ဆံပင်တွေ အောက်မှာ တစ်ခါက ချစ်ခဲ့ရတဲ့ အမူအရာနဲ့ အပြုံးကို မြင်ရတာ ဟာ အလွန် ကြည်နူးစရာ ကောင်းပါတယ်။
လူတွေကို မငြီးငွေ့ အောင် လုပ်တဲ့ အတတ်ပညာရယ်လို့ မရှိတော့ဘူးလား။ လူတွေ မငြီးငွေ့အောင် လုပ်တဲ့ သော့ချက်ကတော့ ပင်ကိုယ်အနေအထား အတိုင်း ရှိဖို့ ပါပဲ။ ပင်ကိုယ် မဟုတ်တဲ့ သဘာဝမကျတဲ့ အပြုအမူတစ်ခုဟာ ချစ်ခင်နှစ်လိုဖွယ် မကောင်းပါဘူး။ စွဲဆောင်မှု မရှိပါဘူး။
သဘာဝမကျတဲ့ ဟန်ဆောင်တဲ့ အပြုအမူ တစ်ခုဟာချစ်စရာမကောင်းပါဘူး။ ဟန်ဆောင်လိုက်တဲ့ သဘောပေါ်လာတာနဲ့ ချစ်စရာကလေးတွေဟာ ပျောက်ကွယ် သွားတတ် ကြပါတယ်။ ဥာဏ်ရှိတဲ့ ချစ်သူတို့ကတော့ ကိုယ့်ချစ်သူတွေရဲ့ ပင်ကိုယ် ၀ါသနာ၊ ပင်ကိုယ် စရိုက်ကလေးတွေကို ထိန်းသိမ်းထားဖို့ ကြိုးစားလေ့ ရှိပါတယ်။ တချို့ယောင်္ကျားတွေဟာ မိန်းမ တွေကို ပုံသွင်းချင်ကြတယ်။ အတွေးအခေါ်တွေကို ရိုက်သွင်းချင်ကြတယ်။ ၀ါသနာ တွေကို အတင်းပြောင်းစေချင်ကြတယ်။ ဒါကတော့ သက်သက် မိုက်မဲတာပဲ ဖြစ်ပါတယ်။
မိန်းမတစ်ယောက်ဟာ ကိုယ့် ရည်မှန်းချက်တွေ၊ ကိုယ့် စိတ်ကူးချက်တွေ နဲ့ မကိုက်ညီဘဲ ကွဲပြားနေတယ် ဆိုရင် မချစ်ရုံဘဲ ရှိပါတယ်။ ဒါပေမယ့် အဲဒီ မိန်းမကို ရွေးချယ် မိပြီ၊ ချစ်မိပြီ ဆိုရင်လည်း သူရဲ့ ဖွံဖြိုးတိုးတက်မှုကို တားဆီးနှောင့်ယှက်ခြင်း မပြုသင့်ပါဘူး။ မိတ်ဆွေ ဆက်ဆံရေးမှာပဲ ဖြစ်ဖြစ်၊ အချစ်မှာပဲ ဖြစ်ဖြစ် ကျွန်တော်တို့ ဟာ ဟန်မဆောင်ရတဲ့ ရှက်ကြောက်အားနာမဖြစ်ရတဲ့ သူမျိုးတွေနဲ့ တွေ့ရတာကို ပျော်တတ်ကြပါတယ်။
( မြသန်းတင့် )
No comments:
Post a Comment