ဒဏ် ၁၀-ပါး
မပြစ်မှားထိုက်သော ပုဂ္ဂိုလ်ကို ပြစ်မှားသူသည် အပြစ်ဒဏ် ၁၀-ပါးတို့တွင် တပါးပါးနှင့် ကြုံတွေ့ရတတ်သည်။
အပြစ်ဒဏ် ၁၀-ပါးကား---
၁။ ပစ္စည်းဥစ္စာ ပျက်စီးဆုံးရှုံးခြင်း။
၂။ ဆွေမျိုးများ ပျက်စီးဆုံးရှုံးခြင်း။
၃။ ကိုယ်ခန္ဓာ ချို့ယွင်းပျက်စီးခြင်း။
၎။ ရူးသွပ်ခြင်း။
၅။ အနာကြီးရောဂါ စွဲကပ်ခြင်း။
၆။ သူတပါး ကဲ့ရဲ့စွပ်စွဲ ခံရခြင်း။
၇။ မီးလောင်ခံရခြင်း။
၈။ ဖျားနာခြင်း။
၉။ မင်းပြစ်မင်းဒဏ် သင့်ခြင်း။
၁၀။ တရားရှုံးခြင်းတို့ ဖြစ်ပါသည်။
(ဓမ္မပဒဂါထာ-၁၃၅)
*****
သူယုတ်အင်္ဂါ ၄-ပါး---
၁။ သူတပါး၏အပြစ်ကို မမေးဘဲနှင့်ပင် ပြောတတ်ပြီး မေးလျှင်ကား ချဲ့ကား၍ ပြောတတ်ခြင်း။
၂။ သူတပါး၏ဂုဏ်ကျေးဇူးကို မမေးလျှင် မပြော၊ မေးလျှင်ကား လျှော့ပေါ့၍ ပြောခြင်း။
၃။ မိမိ၏အပြစ်ကို မမေးလျှင် မပြော၊ မေးလျှင်လည်း လျှော့ပေါ့ထိမ်ချန်၍ ပြောခြင်း။
၎။ မိမိ၏ ဂုဏ်ကျေးဇူးကို မမေးဘဲနှင့်ပင် ပြောတတ်ပြီး မေးလျှင်ကား ချဲ့ကား၍ ပြောခြင်း-ဟူသော
အင်္ဂါ ၄-ပါးနှင့်ပြည့်စုံသူကို သူယုတ်ဟု သိရမည်။
*****
သူတော်ကောင်းအင်္ဂါ ၄-ပါး---
၁။ သူတပါး၏အပြစ်ကို မမေးလျှင် မပြော၊ မေးလျှင်ကား ချဲ့ကား၍ မပြောဘဲ လျှော့ပေါ့၍ ပြောခြင်း။
၂။ သူတပါး၏ဂုဏ်ကျေးဇူးကို မမေးဘဲနှင့်ပင် ပြောတတ်ပြီး၊ မေးလျှင်ကား မထိမ်မချန်ဘဲ ပြည့်စုံအောင် ပြောခြင်း။
၃။ မိမိအပြစ်ကို မမေးဘဲနှင့်ပင် ပြောတတ်ပြီး၊ မေးလျှင်ကား မထိမ်မချန် ပြည့်စုံအောင် ပြောခြင်း။
၎။ မိမိ၏ဂုဏ်ကျေးဇူးကို မမေးဘဲနှင့် မပြော၊ မေးလျှင်လည်း ချဲ့ကား၍ မပြောဘဲ လျှော့ပေါ့၍ ပြောခြင်း-ဟူသော
အင်္ဂါ၎-ပါးနှင့် ပြည့်စုံသူကို သူတော်ကောင်းဟု သိရမည်။
(အံ-စတုက္ကနိပါတ်-သပ္ပုရိသသုတ်)
*****
သေဘေးကို မကြောက်သူ ၄-မျိုး---
လောက၌ သတ္တဝါတို့သည် အများအားဖြင့် သေဘေးကို ကြောက်ကြ၏။ သို့သော် သေဘေးကို မကြောက်သူများလည်း ရှိ၏။ အင်္ဂုတ္တိုရ် စတုက္ကနိပါတ် အဘယသုတ်၌ သေဘေးကို မကြောက်သူ ၄-မျိုးရှိကြောင်း ဟောကြားထားပါသည်။
၎င်းတို့မှာ
၁။ ကာမဂုဏ်အာရုံတို့၌ တွယ်တာတပ်မက်ခြင်း ကင်းသူ။
၂။ မိမိ၏ ကိုယ်ခန္ဓာ၌ တပ်မက်ခြင်း ကင်းသူ။
၃။ မကောင်းမှု အကုသိုလ်တို့ကို မပြုလုပ်ဘဲ ကုသိုလ်ကောင်းမှုကိုသာ ပြုလုပ်သူ။
၎။ သူတော်ကောင်းတရား၌ တွေးတောယုံမှားခြင်း ကင်းသူတို့ ဖြစ်ပါသည်။
Credit to - မင်္ဂလ
No comments:
Post a Comment