ပါဏာတိပါတ အကုသိုလ်ကံမှာ လူသားကို ဖြစ်စေ ၊ တိရိစ္ဆာန်တွေကို ဖြစ်စေ ဘယ်သူ့ကိုပဲ ဖြစ်ဖြစ် သေစေတဲ့ အခါမှာ အောက်ဖော်ပြပါ အင်္ဂါ ၅ ချက် စုံတယ်ဆိုရင် ကံမြောက်ပါသည်။
ပါဏာတိပါတ အင်္ဂါ ၅-ပါး
(၁) ပါဏ- သက်ရှိထင်ရှား သတ္တ၀ါဖြစ်ခြင်း၊
(၂) ပါဏသညိတ- သက်ရှိသတ္တ၀ါဟု စိတ်က သိနေခြင်း၊
(၃) ဃာတ စိတ္တ- သတ်လို သေစေလိုသောစိတ်ရှိခြင်း၊
(၄) ဥပက္ကမ- သေအောင် ပါးစပ်ဖြင့်လည်းကောင်း၊ ကိုယ်တိုင်အားထုတ်၍လည်းကောင်း လုလ္လပြု ခြင်း၊
(၅) မရဏ- ကိုယ့်ပယောဂကြောင့် တဖက်သား သေသွားခြင်း။
အထက်ပါ အင်္ဂါ ၅ ပါး ပြည့်စုံလျှင် ပါဏာတိပါတ ကံ ထိုက်ပါသည်။
ပါဏာတိပါတကံ ၏ ပယောဂအမျိုးအစား ၈-ပါး
(၁) ဥဒ္ဒိဿ ပယောဂ-သေစေလိုသော သတ္တ၀ါကို စိတ်မှတ်၍ သတ်ဖြတ် ခြင်း၊
(၂) အနုဒ္ဒိဿ ပယောဂ- ဘာကောင်သေသေ၊ တကောင်ကောင် သေရင် ပြီးရော စိတ်မျိုးဖြင့် သတ်ဖြတ်ခြင်း၊
(၃) သာဟတ္ထိက ပယောဂ-ကိုယ်တိုင် သတ်ခြင်း၊
(၄) အာဏတ္တိက ပယောဂ- သူတပါးကို သတ်ခိုင်းခြင်း၊
(၅) နိဿဂ္ဂိယ ပယောဂ-အဝေး၌နေသော သတ္တ၀ါကို မြှား လှံ သေနတ် စသည်ဖြင့် သေစေခြင်း၊
(၆) ထာဝရ ပယောဂ- တွင်းတူးထားကာ တွင်း၌ကျ၍သေစေခြင်း၊ ဆေးဝါး အစီအရင် စသည်ဖြင့် သတ်ခြင်း၊
(၇) ၀ိဇ္ဇာမယ ပယောဂ- ဓာတ်ရိုက် ဓာတ်ဆင် ဂါထာမန္တရား စသော အစီအရင်တို့ဖြင့် သေအောင်သတ်ခြင်း၊
(၈) ဣဒ္ဓိမယ ပယောဂ- မိမိ ကမ္မဇိဒ္ဓိတန်ခိုးဖြင့် သတ္တ၀ါတို့ကို သေစေခြင်း။
ပါရာဇိကဏ် အဋ္ဌကထာ ဒု ။
ပါဏာတိပါတကံ၏ မကောင်းကျိုး ၂၃-မျိုး
ဤနေရာ၌ ပါဏာတိပါတ် သူ့သက်သတ်သူတို့ ခံစားတွေ့ကြုံရသော မကောင်းကျိုးများသည် ပိဋကပါဠိတော်တို့၌ သင်္ချာအမျိုးမျိုးဖြင့် လာရှိသော်လည်း ဤ၌ အလုံးစုံပါဝင်သည့် ခုဒ္ဒကပါဌ အဋ္ဌကထာလာ သင်္ချာ ၂၃-ပါးကို ပြဆိုပါမည်၊
(၁) ခြေလက် စသော ကိုယ်အင်္ဂါချို့တဲ့ခြင်း၊
(၂) ခန္ဓာကိုယ် အချိုးအစား မကျခြင်း၊
(၃) နုံနှေး လေးဖင့်ခြင်း၊
(၄) ခြေ, လက်, ဖ၀ါး, မညီညာခြင်း၊
(၅) ရုပ်ဆိုးခြင်း ၊
(၆) အသားအရေ မွဲခြောက်ခြင်း၊
(၇) အသားအရေ ကြမ်းထမ်းးခြင်း၊
(၈) ကြောက်ရွံ့တတ်ခြင်း၊
(၉) ခွန်အားဗလ မရှိခြင်း၊
(၁၀) စကားပြေပြစ်စွာ ချိုချိုသာသာ မပြောတတ်ခြင်း၊
(၁၁) ချစ်ခင် ကြင်နာမည့်သူ မရှိခြင်း၊
(၁၂) မိမိပရိသတ် အကြိမ်ကြိမ် ပြိုကွဲ ပျက်စီးခြင်း၊
(၁၃) ထိတ်ထိတ်လန့်လန့် ဖြစ်နေရခြင်း၊
(၁၄) လက်နက်, အဆိပ် သင့်တတ်ခြင်း၊
(၁၅) သူများ ပယောဂဖြင့် မသေသင့်ပဲ သေရခြင်း၊
(၁၆) တွေဝေ ထုံထိုင်း ဖျင်းအခြင်း၊
(၁၇) ခြွေရံပရိသတ် နည်းပါးခြင်း၊
(၁၈) စက်ဆုပ်ဖွယ် ရုပ်အဆင်းရှိခြင်း၊
(၁၉) ကုန်းကွသော ကိုယ်ရှိခြင်း၊
(၂၀) ကြောင့်ကြ ဗျာပါဒ စိုးရိမ်မှုများခြင်း၊
(၂၁) ဘေးရန် များခြင်း၊
(၂၂) ချစ်ခင်သော သားသမီးတို့နှင့် ကွေကွင်းရခြင်း၊
(၂၃) ကိုယ်တိုင်လဲ အသက်တိုခြင်း။
ဗုဒ္ဓတရားတော်အရ မိခင်ဝမ်းတွင်းမှ သန္ဓေသားကလေးဟာ ကိုယ်လက် အင်္ဂါ ချို့တဲ့သည်ဖြစ်စေ ကောင်းသည်ဖြစ်စေ၊ ဘ၀အဆက်ဆက်က ဆည်းပူးခဲ့တဲ့ သူ့ရဲ့ အကုသိုလ်ကံအတိုင်း အကျိုးပေးတယ်လို့ပဲ မှတ်ရပါမယ်၊ ကိုယ်ကတော့ လုလ္လပြုပြီး သတ်ဖို့ အားမထုတ်သင့်ပါဘူး၊
တရားသူကြီးက သေဒဏ် ကျခံရမယ့် တရားခံကို မလွှဲမရှောင်သာလို့ ဒီလူကို အနားပေးလိုက်ပါ လို့ မျက်နှာအမူအယာရော စကားနဲ့ပါ ချိုချိုသာသာ အမိန့်ချလိုက်ပေမယ့် တဖက်သားမှာတော့ မသေချင်ပဲ သေရတော့မှာပါ၊ တရားခံသေတာနဲ့တပြိုင်နက် တရားသူကြီးဟာလဲ သတ်ပေးသူနဲ့ အတူတူ ပါဏာတိပါတကံ အလိုလို ထိုက်သွားပါပြီ၊
Credit to : အရှင်သုနန္ဒာလင်္ကာရ
No comments:
Post a Comment