Wednesday, 9 July 2014
မိခင်မေတ္တာစိတ်
လွန်ခဲ့တဲ့ ဆယ်စုနှစ်ပေါင်းများစွာကတည်းက သိပ္ပံပညာရှင်တွေဟာ မိခင် ရဲ့ မေတ္တာစိတ်ကို လက်တွေ့ကျကျ သုတေသနပြု ကြည့်ခဲ့ကြတယ်။
သုတေ သနပြုနည်းကတော့
1. အစာ၊
2. လိင်ကိစ္စ၊
3.သားဇော
ဘယ်စိတ်ဟာ အမျိုးသမီး တစ်ယောက်ရဲ့ ရင်ကို အပူလောင်စေဆုံးလဲ ဆိုတာပါပဲ။
သူတို့ရွေးခြယ်လိုက်တဲ့ ဇာတ်ကောင်ကတော့ ကြွက်မလေးပါ။
ပထမဆုံး အစာ။
ကြွက်မကို အစာမကျွေးပဲ ရက်ပေါင်း အတော်ကြာ ထားခဲ့ကြ တယ်။ ကြွက်မလေး တော်တော်ဆာနေပြီ ဆိုတော့မှ သူမနဲ့ မလှမ်းမကမ်းမှာ အစာကို ချထားလိုက်တယ်။ ဒါပေမယ့် သူမနဲ့ အစာကြားထဲမှာက လျှပ်စစ် စီးကြောင်းကြီး ဆီးတား ထားကြတယ်။ ငတ်မွတ်နေတဲ့ ကြွက်မလေးက ကြိုးစားတယ်။ ပူလွန်းလို့ ပြန်ပြေးလာတယ်။ တစ်ကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ် နောက်ဆုံးတော့ စိတ်ပျက်ပျက်နဲ့ အိပ်နေလိုက်တော့သတဲ့။
ဒုတိယ ဖိုမ ကိစ္စ။
ကြွက်မလေးကို သူမရဲ့ ဘွိုင်းဖရင့်နဲ့ အကြာကြီး ခွဲထား ကြတယ်။ ပြီးတော့မှ သူမနဲ့ မလှမ်းမကမ်းမှာ နှုတ်ခမ်းမွေးရေးရေးနဲ့ သူမရဲ့ ဘွိုင်းဖရင့်ကို ကြိုးချည်ပြီး ထားလိုက်တယ်။ ကိန္နရီ ချောင်းခြား အားပါး မလွယ် လျှပ်စစ်စီးကြောင်းက တားလို့ ဘာရမလဲ.. သူနဲ့ဝေးလို့ ခံစားရတဲ့ ဒုက္ခ၊ ကြွက်မထက် ဘယ်သူပိုသိမလဲ။ သူမ ရအောင်သွားခဲ့တယ်။
အဖြေတစ်ခု ရလိုက်တဲ့ သိပ္ပံပညာရှင်တွေက လျှပ်စစ်ဗို့အားကို ထပ်တိုးပြီး ဆီးတားကြပြန်တယ်။ ဒီတော့ သူမ ကြိုးစားတယ်။ တစ်ကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ်," ဆောရီးပဲ ကိုကိုရယ် " ဆိုပြီး မျက်လုံးလေး ကလယ်ကလယ်နဲ့ လှမ်းလို့သာ ကြည့်နေလိုက်တော့ သတဲ့။
နောက်ဆုံး “မိခင်စိတ်”။
နို့တိုက်ရမဲ့ မိခင်က တစ်ဖက်၊ နို့ဆာနေတဲ့ ကြွက် ကလေးတွေက တစ်ဖက်၊ ကြားထဲမှာက ဗို့အား တိုးထားတဲ့ လျှပ်စစ် စီးကြောင်း။ သားဇောနဲ့ ပူလောင်နေတဲ့ ရင်ဘတ်တစ်ခုလုံးကို လျှပ်စစ်စီးကြောင်းတွေက ထပ်ပြီး အပူမပေးနိုင်ကြဘူး။ ကြွက်မလေးက လျှပ်စီးကြောင်းကို ဖြတ်ပြီး နို့တိုက်ဖို့သွားခဲ့တယ်။
သိပ္ပံပညာရှင်တွေက ဗို့အားတွေထပ်တိုးပြီး စိန်ခေါ်တယ်။ သားသမီးကို ချစ်တဲ့ စိတ်နဲ့ စိန်ခေါ်မှုတိုင်းကို ကလေးအမေ ကြွက်မလေးက တုန့်ပြန်တယ်။
သိပ္ပံပညာရှင်တွေက ဗို့အားတွေတိုးလေလေ၊ ကလေးအမေ ကြွက်မလေးရဲ့ သားသမီးဇောတွေကလည်း တိုးလေလေ။ နောက်ဆုံး သိပ္ပံပညာရှင် လူသား ကြီးတွေ ကြွက်မလေးရဲ့ မေတ္တာလက်နက်နဲ့ အလံဖြူအောက်မှာ မရှုမလှ အရှုံးပေးလိုက်ရတယ်။ သူတို့ ရှုံးတော့မှ တစ်ညီတစ်ညွတ်ထဲ အသံပြုလိုက် ကြတယ်။
“သားသမီး ချစ်စိတ်နဲ့သာ ကာကွယ်မထားရင် ဒီကြွက်မဟာ လျှပ်စီးကြောင်းပေါ်မှာ ချက်ချင်း ပြာကျသွားနိုင်တယ်” တဲ့။
ဒါဟာ ကြားကောင်းအောင်ပြောတဲ့ အိပ်ယာဝင်ပုံပြင် မဟုတ်ဘူး။ လက်တွေ့၊ သိပ္ပံနည်းကျလေ့လာ တွေ့ရှိမှုတစ်ခုပါ။
Credit to : ဇင်ဝေသော်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment