big big slider

Nav Menu Pages

Monday, 1 December 2014

ရေပူ၊ ရေအေးနှင့် ချိုးခြင်း၏ အကျိုးနှင့် အပြစ်များ။


ပူပြင်းတဲ့ နွေရာသီဆိုရင် သင်ဟာရေအေးအေးလေးနဲ့များ ချိုးလိုက်ရရင် ဆိုတဲ့စိတ်ကူးလေးပေါ်ပြီး အေးချမ်းတဲ့ ဆောင်းရာသီကိုရောက်လာပြန်တော့ ရေနွေးနွေးလေးနဲ့ ချိုးလိုက်ရရင် ပင်ပန်နွမ်းနယ်တာတွေ ပျောက်သွားမှာပဲဆိုပြီး ရေပူလေးနဲ့ချိုးဖို့ ဆန္ဒဖြစ်ပေါ်လာမှာပါ။

ရာသီဥတုအပြောင်းအလဲနဲ့ လူ့စိတ်ခံစားမှုအပြောင်းအလဲပေါ်မှာ မူတည်ပြီးတော့ ကျနော်တို့လူတော်တော် များများဟာ မတူညီတဲ့အပူချိန်ရှိတဲ့ ရေကို ပြောင်းလဲသုံးစွဲဖို့ဖြစ်လာတဲ့ စိတ်ဖြစ်စဉ်အပေါ်မှာ လိုက်ပြီး ရေပူနဲ့ချိုးချင်တယ် ရေအေးနဲ့ချိုးချင်တယ်ဆိုပြီးဖြစ်ကြပါတယ်။ အချို့ကတော့ ရေအေးနဲ့ချိုးခြင်းက ရေပူနဲ့ချိုးခြင်းထက် ကျန်းမာရေးကို အထောက်အကူပြုတယ်လို့ ဆိုကြပါတယ်။

ဒါမှန်တယ်လို့ထင်ပါသလား။ မှန်တယ်ဆိုရင် ဘယ်လိုကြောင့် မှန်တာပါလဲ။ အခြေခံအကြောင်းအရင်းကို သေသေချာချာနားလည်ဖို့နဲ့ အများစုလက်ခံနိုင်တဲ့ အချက်အလက်တွေ ရရှိအောင် ရေပူ၊ ရေအေးဖြင့် ချိုးခြင်း အကျိုးနှင့် အပြစ်များကို တကယ့်ကိုလေ့လာဖို့လိုလာပါတယ်။


ရေပူဖြင့်ချိုးခြင်း၏ အကျိုးများ။
=====================
နှာခေါင်းပိတ်ခြင်း၊ ရင်ဘတ်တင်းကျပ်ခြင်းနှင့် အခြားအသက်ရှုခြင်းဆိုင်ရာ ပြသနာများကို သက်သာစေသည်။ ရေနွေးအနည်းငယ်ပူပူကို အထူးသဖြင့် ယူကလစ်ဆီ သို့မဟုတ်အခြား နံ့သာဆီဖြင့် ရောစပ်ချိုးခြင်းက ချွဲ၊ သလိပ်၊ နှပ်၊ နှာရည်တို့ကို ပျော့ပြောင်းလာစေကာ အပြင်သို့ထွက်လာစေရန် ကူညီပေးသည်။

ကြွက်သားများနာကျင်ခြင်းကို ချက်ခြင်းသက်သာစေသည်။ ရေပူရေပန်းဖြင့်ချိုးနေစဉ်မှာ နာကျဉ်နေတဲ့ နေရာတွေကို ရေနွေးအိတ်ကပ်သလိုဖြစ်ပြီး ကြွက်သားတင်းနေတာတွေနဲ့ အကြောထုံးနေတာတွေကို သက်သာစေသည်။ ခန္ဓာကိုယ်သွေးကြောများ လှည့်ပတ်ခြင်းကို မြှင့်တင်ပေးခြင်းဖြင့် ကျန်းမာရေး ကိုအထောက်အကူပြုသည်။

စိတ်ပင်ပန်းမှု၊ ဖိစီးမှုနဲ့ ခြေကုန်လက်ပန်းကျနေတာတွေကို ရေနွေးနဲ့ချိုးလိုက်တာနဲ့ ထိုခံစားမှုတွေဟာ ပင်လယ်ဒီရေနဲ့ ပါသွားသလိုမျိုး ပျောက်ကွယ်သွားမယ်လို့ ဆိုပါတယ်။ နှလုံးခုန်နှုန်းကို လျှော့ချပေးတဲ့အတွက် စိတ်လှုပ်ရှားမှု တွေမရှိတော့ပဲ တည်ငြိမ်အေးချမ်းစေပါတယ်။ ဒါကြောင့်မို့လဲ ရေနွေးနဲ့ချိုးရင် အိပ်ချင်တဲ့စိတ်ဖြစ်လာတာပါ။

အရေပြားပေါ်က ချွေးပေါက်လေးတွေကို ကျယ်လာစေတဲ့အတွက် အသားအရေနူးညံ့စေပြီး အရေပြားကျန်းမာရေးကို အထောက်အကူပြုသည်။ ဒါ့ကြောင့် အလှဆီလိမ်းရင် ပိုပြီးထိရောက်မှုရှိအောင် ရေနွေးနဲ့ချိုးပြီး ချွေးပေါက်လေးတွေကျယ်ပြီဆိုမှ သုံးဖို့နားလည်တတ်ကျွမ်းသူများက အကြံပေးထားပါတယ်။ မွေးညှင်းပေါက်လေးတွေ ကျယ်နေတဲ့အတွက်မို့ အရေပြားနက်နက်ထဲထိအောင် သန့်ရှင်းအောင်ကူညီပေးသည်။

ရေပူဖြင့်ချိုးခြင်းဖြင့် စွဲမက်ဖွယ်ကောင်းသော အကျိုးသက်ရောက်မှု ကိုယ်ခန္ဓာပေါ်တွင် ဖြစ်ပေါ်သည်။ ရေပူဖြင့်ချိုးခြင်းမှ ရရှိလာတဲ့ သင်းရနံ့လေးဟာ ကာမရာဂစိတ်ကို မြှင့်တင်ပေးတာကို တွေ့ရှိရပါတယ်။

ရေပူဖြင့် ချိုးခြင်း၏ အပြစ်များ။
===================

ရေပူဖြင့်ချိုးခြင်းကြောင့် ကောင်းကျိုးတွေရှိသလို တဖက်မှာလဲ ဆိုးကျိုးတွေရှိပါတယ်။ နှလုံးနှင့် သွေးကြော ဆိုင်ရာရောဂါများရှိသူတွေအတွက်တော့ ရေပူဖြင့်ချိုးခြင်းဟာ ဆိုးကျိုးများကိုသာ ရရှိပါလိမ့်မယ်။ ထိုရောဂါရှိသူများ ရေပူဖြင့်ချိုးရင် သွေးတိုးရာဂါ၊ နှလုံးခုန်မမှန်တဲ့ ရောဂါတွေဖြစ်ပွားဖို့ကို ဦးတည်စေပါတယ်။

ရေပူဖြင့်ချိုးလိုက်တဲ့အချိန်မှာ ကိုယ်ခန္ဓာအတွင်းမှာ အပူချိန်မြင့်တက်လာတာနဲ့အမျှ အက်ဆစ်ပမာဏမြင့်တက်လာပြီး ဇီဝကမ္မကွန်ယက်ကို ကျဆင်းစေသည်။ ဒါကြောင့် ကျန်းမာရေးအတွက် ယုံမှားမကင်းဖြစ်စရာ ရှိပါတယ်။

မွေးညှင်းပေါက်လေးတွေ ကျယ်နေပြီး သူတို့ပြန်မပိတ်သေးခင်မှာ ဖုန် အမှုံတွေ အလွယ်တကူ ဝင်ရောက်ပြီး ဝက်ခြံတွေ ဖြစ်ပေါ်စေပါတယ်။ ပိုဆိုးတဲ့အရာကတော့ ဆံပင်တွေကို ကြွပ်ဆတ်စေပြီး အားနဲစေပါတယ်။ ဒါ့ကြောင့် ဆံပင်တွေဟာ အလွယ်တကူကျိုးပါတယ်။

ရေအေးဖြင့် ချိုးခြင်း၏ ကောင်းကျိုးများ။
============================

ရှေးဟောင်း အိန္ဒိယ အာယုဗေဒအလိုကတော့ ရေပူနဲ့ ချိုးမဲ့အစား ရေအေးနဲ့ပဲချိုးဖို့ကို တိုက်တွန်းထားပါတယ်။ ရေပူနဲ့ မတူတဲ့အချက်ကတော့ ရေပူကအရေပြားရှိသွေးကို အလျှင်အမြန်ပူစေရုံမျှသာပူစေပြီး ရေအေးကတော့ ကိုယ်ခန္ဓာအတွင်းရှိ အစိတ်အပိုင်းများအတွင်း သွေးစီးဆင်းမှုကို တိုးတက်ကောင်းမွန် စေသည်။ ကိုယ်အပူချိန်ကိုကျစေပြီး အရေပြား၊ နှလုံးနှင့် အလုံးစုံ ကျန်းမာရေးကို အထောက်အကူပေးသည်။

သွေးလွတ်ကြောမှညစ်အား ပိုမိုကောင်းမွန်စွာ ညှစ်စေသောကြောင့် ခန္ဓာကိုယ်တခုလုံးသို့ သွေးများကို ပိုမိုရောက်ရှိစေကာ နှလုံးကျန်းမာရေးကို ကောင်းမွန်စေပါသည်။ နှလုံးကို အကောင်းဆုံးအနေအထားဖြစ်အောင် ထောက်ပံ့ပေးသည်။ သွေးဖိအားကိုကျဆင်းစေကာ ပိတ်နေသော သွေးလွတ်ကြောများကို သန့်ရှင်းစေပြီး သွေးလှည့်ပတ်မှုစနစ်တခုလုံးကို တည်ငြိမ်စေသည့်အတွက် အကျိုးဆက်အနေနှင့် ကိုယ်ခံစွမ်းအားကို တိုးတက်ကောင်းမွန်စေသည်။

ရေအေးဟာ ဦးရေပြားနှင့် မွေးညှင်းပေါက်လေးတွေကို ပိတ်စေတဲ့အတွက် အရေပြားအတွင်းသို့ အညစ်အကြေးများ ဝင်ရောက်ခြင်းမှ ကာကွယ်ပေးကာ ထိရောက်ကောင်းမွန်တဲ့ အရေပြားကာကွယ်မှုကို ရစေပါတယ်။ ဆံပင်အမြစ်၏ စွမ်းဆောင်မှုကိုမြှင့်တင်ပေးပြီး သန့်ရှင်းတောက်ပ သန်မာစေပါသည်။ နေလောင်ခြင်းကို သက်သာစေသည်။

ကိုယ်ခန္ဓာပြင်ပရှိ အညစ်အကြေးများကိုသာ ဆေးကြောပေးရုံမဟုတ်ပဲ ကိုယ်တွင်းအင်္ဂါများကိုပါ ရေအေးက ဆေးကြောပေးနိုင်ပါတယ်။ ကြွက်သားများကို ကျုံ့စေခြင်းဖြင့် အညစ်အကြေးများနှင့် အဆိပ်အတောက်များကို ဖယ်ထုတ်ရှင်းလင်းပေးသည်။

ရေအေးဖြင့် ချိုးခြင်း၏ အပြစ်များ။
======================

ရေအေးဖြင့် ချိုးခြင်းကြောင့် ဆိုးကျိုးသက်ရောက်မှုတွေကတော့ သိပ်မရှိလှပါ။ အမျိုးသမီးများ ရာသီသွေးပေါ်ချိန်မှာတော့ ခန္ဓာကိုယ်အစိတ်အပိုင်းများနှင့် ကြွက်သားများ ခွန်အားနည်းကာ အားအင်ကုန်ခန်းနေသည့်အတွက်ကြောင့် ရေအေးကို အဲဒီ့အချိန်မှာ မသုံးသင့်ပါဖူး။

ရေအေးနဲ့ချည်းပဲ အမြဲတန်းချိုးဖို့ဆိုတာ မဖြစ်နိုင်ဖူးဆိုပေမဲ့လည်း ရေအေးနှင့်ရေနွေး တလှည့်စီချိုးပေးခြင်းဖြင့် လည်းကောင်း ရေချိုးပြီးခါနီးတွင် ရေအေးဖြင့်ချိုးပေးခြင်းဖြင့် လည်းကောင်း အထက်တွင်ဖေါ်ပြခဲ့သော အကျိုးကျေးဇူးများကို ထူးခြားစွာ ရရှိနိုင်စေရန်အတွက် တင်ပြလိုက်ရပါတယ်။
All Credit to original post owner.

No comments:

Post a Comment