တစ်ချို့လူတွေကတော့ ပြောပါတယ်၊ လူတွေသူတို့ကို နှစ်သက်တာ
မနှစ်သက်တာကို ဂရုမစိုက်ဘူးတဲ့။ ဒါပေမယ့် ကျွန်မတို့တွေအများစုကတော့
လူတွေရဲ့နှစ်သက်ခြင်းကို လိုချင်ကြပါတယ်။ လူတွေက ကျွန်မတို့ကို
မနှစ်သက်ဘူး၊ လက်မခံချင်ဘူးလို့ ခံစားရတဲ့အခါ တော်တော်လေးကို
စိတ်ပျက်အားငယ်ရပါတယ်။ လူတိုင်းကျွန်မတို့ကို မနှစ်သက်နိုင်ပါဘူး၊ ဒါပေမယ့်
ကျွန်မတို့က ခင်ဖို့ကောင်းတဲ့၊ နှစ်လိုဖွယ်ကောင်းတဲ့လူတစ်ယောက်
ဖြစ်အောင်တော့ လုပ်လို့ရပါတယ်။ လူတွေနှစ်သက်ခြင်းကို ခံရတာက အတ္တအတွက်ပဲ
မဟုတ်ပါဘူး။ စိတ်ဖိစီးတာတွေကိုပါ လျှော့ချပေးပြီး
ကောင်းမွန်စွာနေထိုင်လိုစိတ်ကို မြှင့်တင်ပေးပါတယ်။ ဒါ့အပြင် ကိုယ့်ဘဝကြီးက
ပိုပြီးလွယ်ကူသက်သာလာပြီး ပျော်ရွှင်ဖွယ်ကောင်းလာပါတယ်။
ကိုယ့်ကိုနှစ်သက်တဲ့လူတွေ များလာအောင် လွယ်ကူရိုးရှင်းတဲ့ နည်းလမ်း
(၁၀)မျိုးကို အခုဖော်ပြပေးလိုက်ပါတယ်။
၁။ ယဉ်ကျေးပျူငှာပါ၊ ချစ်ဖို့ကောင်းတဲ့အမူအရာလေးတွေ ကို အိမ်မှာပဲ မထားခဲ့ပါနဲ့။
ကျေးဇူးဆိုတဲ့
စကားလေးက ဘယ်တော့မှ ရိုးမသွားပါဘူး။ ဒါပေမယ့် ဒီနေ့လို
အလုပ်များတဲ့ခေတ်ကြီးမှာ ဒါလေးတွေပြောဖို့ မေ့နေတတ်ကြပါတယ်။ ဒီစကားပြောဖို့
ဘာမှအားစိုက်ထုတ်စရာမလိုပါဘူး။ ယဉ်ကျေးဖို့ကလည်း အချိန်တွေပေးနေစရာမှ
မလိုတာ။ ဒါကြောင့် အပြင်ထွက်တဲ့အခါ ကိုယ့်အမူအရာလေးတွေကို
လူအများချစ်ခင်အောင် သတိထားပါ။
၂။ မကြာမကြာပြုံးပါ။
ပြုံးတယ်ဆိုတာ နှစ်လိုဖွယ်ကောင်းတဲ့လူတစ်ယောက် ဖြစ်ဖို့ အရိုးရှင်းဆုံးနည်းလမ်းလေးတစ်ခု ပါ။
အပြစ်ကင်းတဲ့အပြုံးလေးက ကိုယ်နဲ့ ကိုယ့်ပတ်ဝန်းကျင်ကလူတွေကို
ပျော်ရွှင်စေပါတယ်။ လူတွေက ကိုယ့်ကိုစိတ်ဓာတ်ကျစေမယ့် လူတွေဘေးနားမှာ
မရှိချင်ကြပါဘူး။ ဒါကြောင့် ပြုံးပေးခြင်းအားဖြင့် လူတွေအလိုရှိတဲ့
လူတစ်ယောက် ဖြစ်လာစေပါတယ်။
၃။ ကိုယ်ချင်းစာပြီး တစ်ဖက်သားကို ပြုမူဆက်ဆံပါ။
မိတ်ဆွေများများလိုချင်တယ်ဆို ရင် ဒီနည်းလမ်းက တကယ့်ကိုပွင့်လင်းတဲ့နည်းလမ်း တစ်ခုပါ။
ကိုယ့်အပေါ် ရိုင်းစိုင်းတဲ့လူ၊ ကိုယ့်မှာပြဿနာရှိတဲ့အခါ ကိုယ်လိုအပ်တဲ့အခါ
လျစ်လျူရှုတဲ့လူမျိုးကို ဘယ်သူကသဘောကျမှာလဲ။ ဒါကြောင့် ကိုယ်သဘောမကျသလို
တစ်ဖက်လူလည်း သဘောကျမှာ မဟုတ်လို့ ဒါမျိုးမဆက်ဆံပါနဲ့။ ကိုယ်လိုချင်တဲ့
လေးစားမှုမျိုးနဲ့ ညီမျှတဲ့လေးစားမှုကို ပေးမယ်ဆိုရင် ကိုယ်က
ချစ်ခင်ဖို့ကောင်းတဲ့လူလို့ သူတို့ထင်သွားပါလိမ့်မယ်။
၎။ တစ်ဖက်လူစကားကို ကောင်းကောင်းနားထောင်ပေးပါ။
တစ်ဖက်လူပြောစကားကို
ကောင်းကောင်းနားထောင်ပေးခြင်းက လူတွေကိုယ့်ကို နှစ်သက်လာစေမယ့်
နည်းလမ်းတစ်ခုပါ။ လူတွေရဲ့အမြင်နဲ့ သူတို့ဖြတ်သန်းလာခဲ့တာတွေကို
ပြောပြခွင့်ပြုခြင်းအားဖြင့် နောက်တစ်ကြိမ် ကိုယ့်ဆီမှာ ပြန်ပြောချင်အောင်
ပြုလုပ်ပေးပါလိမ့်မယ်။ ကျွန်မတို့မှာ ပြောချင်တဲ့အကြောင်းတွေ
အများကြီးရှိပါတယ်။ ဒါကြောင့် တစ်ဖက်လူကိုလည်း သူပြောချင်တာတွေကို
ပြောခွင့်ပေးခြင်းဖြင့် ကျွန်မတို့လည်း ပိုပြီးသင်ယူနိုင်တာပေါ့။
၅။ အမြဲတမ်းရိုးသားပါ၊ စိတ်ရှင်းပါ၊ မှန်ကန်ပါ။
လူတွေနဲ့
ရိုးသားတာက ကောင်းပါတယ်။ စစ်မှန်တဲ့မိတ်ဆွေဆိုတာ ဘယ်တော့မှ
လိမ်မပြောပါဘူး။ ကိုယ်က လုပ်ကြံပြောဆိုတတ်တယ်လို့ လူတွေသိထားရင်
ကိုယ့်စကားကို ဘယ်သူမှ ယုံတော့မှာမဟုတ်ပါဘူး။ ရိုးသားခြင်းက
ကိုယ့်ကိုဖြောင့်မတ်တဲ့လူအဖြစ် ထင်မြင်စေတဲ့အတွက် လူတွေက
ကိုယ့်ကိုယုံကြည်လေးစား လာပါလိမ့်မယ်။
၆။ မျက်လုံးချင်းဆုံပြီး စကားပြောပါ။
လူတွေက
ကိုယ့်ကိုသဘောမကျဘူးလို့ ခံစားနေရရင် ကိုယ်သတိမထားမိဘဲ ပြုလုပ်နေမိတဲ့
ကိုယ့်ရဲ့ ဟန်ပန်အမူအရာတွေကြောင့် ဖြစ်နိုင်ပါတယ်။ တစ်ယောက်ယောက်က
စကားပြောနေတဲ့အခါ တစ်နေရာကို ငေးကြည့်နေတယ်ဆိုရင် ကိုယ်ကပျဉ်းစရာကောင်းတယ်၊
စိတ်ဝင်စားမှုမရှိဘူး၊ မယဉ်ကျေးဘူးလို့ ထင်မြင်စေပါတယ်။
လူတွေနဲ့စကားပြောရင် မျက်လုံးချင်းဆုံသင့်သလောက်တော့ ဆုံရပါတယ်။ ဒါပေမယ့်
စိုက်ကြည့်နေတာမျိုးတော့ မဟုတ်ဘူးနော်။ ဒါမျိုးလုပ်မိရင်
ရိုင်းပြသလိုဖြစ်ပြီး ခြိမ်းခြောက်နေသလို ထင်စေပါတယ်။
၇။ စာနာသနားစိတ်လေး ပြသပါ။
ကြင်နာသနားတတ်ခြင်းနဲ့
စာနာစိတ်လေးတွေရှိခြင်းက လူတွေကိုနှစ်သက်စေပါတယ်။ သူ့ခံစားချက်ကို
နားလည်တယ်ဆိုတာ ပြသလိုက်ခြင်းဖြင့် သူ့စိတ်ထဲမှာ နွေးထွေးသွားစေပါတယ်။
“ငါနားလည်ပါတယ်” “နင့်ခံစားချက်ကို ငါသိပါတယ်” စတဲ့စကားလေးတွေက
ရိုးရှင်းပေမယ့် တစ်ဖက်လူ စိတ်ထဲမှာ ကိုယ်ဟာ ရင်ဖွင့်လို့ရနိုင်မယ့်
လူတစ်ယောက်လို ထင်မြင်သွားစေပါတယ်။
၈။ သဘောထားကြီးစွာ ကူညီတတ်ပါ။
ဘယ်လောက်သေးငယ်တဲ့ အကူအညီဖြစ်ပါစေ၊ ကူညီဖို့တောင်းဆိုလိုက်ခြင်ြး ဖင့်
လူတွေနှစ်သက်လာစေပါတယ်။ လေးလံနေတဲ့အိတ်တစ်လုံးကို ကူသယ်ပေးတာဖြစ်ဖြစ်၊
ကော်ဖီတစ်ခွက် ဖျော်ပေးတာဖြစ်ဖြစ် ကိုယ့်ရဲ့အကြင်နာတရားကို ပြသပေးပါ။
ဒီလုပ်ရပ်လေးတွေက ကိုယ်မှာ စိုက်ထုတ်စရာ သိပ်မလိုပါဘူး။ ဒါပေမယ့် လူတွေက
ကိုယ့်ကိုမှတ်မိနေပြီး နှစ်သက်နေပါလိမ့်မယ်။
၉။ လူတွေကို စိတ်ထဲကနေ ချီးမွမ်းပါ။
လူတိုင်း
ချီးမွမ်းခံချင်ကြပါတယ်။ ဒါကြောင့် သူတို့ကို ချီးမွမ်းဖို့ မမေ့ပါနဲ့။
သူတို့အဝတ်အစားက ဘယ်လောက်လှတယ်၊ ဆံပင်ညှပ်ထားတာနဲ့ ဘယ်လိုလိုက်တယ်
စသဖြင့်ပေါ့။ ဒီချီးမွမ်းမှုက စစ်မှန်တယ်ဆိုရင် တစ်ဖက်လူက
စိတ်ကျေနပ်သွားပြီး ကိုယ့်ကိုပြန်ပြီး ဖားချင်လာတာပေါ့။
၁၀။ ဟန်ပန်အမူအရာဖြင့် စကားပြောခြင်း
လူတွေနှစ်သက်အောင်
စကားပြောတဲ့အခါ ဟန်ပန်အမူအရာကို အခိုင်အမာကြီး
သြဇာလွမ်းမိုးပြောဆိုတာမျိုး မဖြစ်စေပါနဲ့။ ခေါင်းလေးကို နဲနဲစောင်းပြီး
တစ်ဖက်လူပြောတာကို ကိုယ်စိတ်ဝင်စားနေတဲ့ ဟန်ပန်မျိုးပြသပါ။ ဒီလိုဟန်ပန်လေးက
မျက်နှာချင်းဆိုင်ပြီး ကြည့်နေတာထက်စာရင် ရန်လိုတဲ့အမူအရာ မပေါက်ဖူးပေါ့။
No comments:
Post a Comment