big big slider

Nav Menu Pages

Wednesday, 28 January 2015

စိတ်၏အမိန့် - ပီမိုးနင်း

 စိတ်မပျက်သမျှ စီးပွားဥစ္စာ ကျန်းမာခြင်းပါ ပျက်သော်လည်း ကြောက်စရာမရှိချေ။ စိတ်အားပျက်မှ အကုန်ပျက်၏။ "ပျက်လျှင်အစဉ် ပြင်လျှင်ခဏ၊ မသေမချင်း အားမလျှော့ရ၊ ဖြစ်ရမည်" ဟူသောစိတ်ကို အမြဲထားပါလေ။
အပျက်ကို မတွေးလေနှင့် မထင်လေနှင့်။ အတွေးအထင်သည် ကမ္ဘာပေါ်တွင် အဆိပ်အပြင်းဆုံး ဖြစ်လေသည်။ စိတ်ကြွယ်ဝမှ လူကြွယ်ဝ၏။ စိတ်မွဲလျှင် လူမွဲတတ်လေသည်။
အိပ်ရာထ မလေးစေရ၊ နိုးလျှင် ထတတ်သောအကျင့်ကို ဖြစ်စေရမည်။
အိပ်ပျော်ခါနီး၌ ငါအဘယ်အချိန်မှာနိုးမည်ဟု ပျော်သည့်တိုင်အောင် အမိန့်ပေးလေ။ သုံး လေးရက်လောက် ဤကဲ့သို့ လေ့ကျင့်လျှင် အနားမှာ နာရီကိုထား၍အိပ်။ မိန့်သောအချိန်မှာနိုးကြောင်း တွေ့ရှိရလိမ့်မည်။
အိပ်ရာမှ အထမြန်ခြင်းသည် Willpower ခေါ် စိတ်၏တန်ခိုး တိုးတက်ကြီးမားသောအလေ့ဖြစ်၏။
ညဥ့်အိပ်ရာဝင်ချိန်၌ အဘယ်အချိန်မှ ငါနိုးရမည်ဟူသော အမိန့်ကို မိမိ၏နား၌ ကြားလောက်အောင် ကျယ်လောင်သော အသံနှင့်လည်းပေးလေ၊ တကယ်အတည်ခိုင်မာစွာ အမိန့်ကိုပေးရမည်။ စိတ်မပါတပါနှင့် မပေးရ။
အိပ်ပျော်သည့်တိုင်အောင် ပေးသောအမိန့်များသည် အောင်မြင်ရ၏။ ပျင်းရိခြင်း၊ အပျော်တစ်ခုခုကြူးခြင်း၊ မကောင်းသောအကျင့် တစ်ခုခုရှိလျှင် ဆန့်ကျင်သောစကားဖြင့် မိမိကိုယ်ကိုယ် အိပ်ပျော်သည့်တိုင်အောင် အမိန့်ပေးရမည်။ ဥပမာ ပျင်းလျှင် ငါ ၀ီရိယရှိသည်ဟု အတည်တကယ် ယုံကြည်စိတ်ချစွာပြောလေ၊ လက်သီးမဆုပ် အံမကြိတ်ရ၊ ကိုယ်လက်ကို ပျော့ပြောင်းချမ်းသာစွာထား၍ ဆိုရမည်။ မ ဟူသော စကားမပါ၊ ဥပမာ - ငါမပျင်းတော့ဘူးဟု မဆိုရ။
ထချင်သောအချိန်မှာ ထနိုင်သော လေ့ကျင့်ခန်းကို အမိန့်ဖြင့်အောင်မြင်လျှင် စာဖတ်သူ၏ တန်ခိုးသည် တိုးတက်၍လာပြီဟု သိလေ။
မိမိကိုယ်ကိုယ် မကျန်းမာသူဟု စိတ်က စွဲမြဲစွာထားလျှင် မကျန်းမာဖြစ်ရမည်။ အိပ်ရာ၌ အိပ်ပျော်သည့်တိုင်အောင် ရောဂါတစ်ခုခုကိုထင်လျှင် ထိုရောဂါ ဖြစ်ပေါ်လာရ၏။ နေ့အခါ၌လည်း ရောဂါဝေဒနာမှစတဲ့ အနိဋ္ဌာရုံကို မထင်ရ၊ ပျက်စီးခြင်းကို မမြင်စေရ၊ မျှော်လင့်ကိုးစား မိမိ၏သတ္တိကို ယုံကြည်သောစိတ် အမြဲတိုးပွား၍ နေစေရမည်။
အချိန်မှန်အောင် ကြိုးစားလေ၊ အချိန်မှန်ဖို့ကို အမိန့်ပေးလေ။
စိတ်လေလွင့်ခြင်းသည် အချိန်မမှန်ခြင်းကို ဖြစ်စေ၏။ စိတ်အား ဆုတ်ယုတ်စေ၏။
မိမိ၏အလုပ်ကို သတ္တ၀ါတို့အား အကျိုးဆောင်သောအလုပ်ဟု အမြဲသဘောထားရမည်။
ရည်ရွယ်ချက်တစ်ခုကို အမြဲတည်စွာထား၊ ထိုရည်ရွယ်ချက်သို့ ပေါက်ရောက်စေမည့် အရာဟူသမျှကို ရှာကြံလုပ်ကိုင်လေ။
အောင်မြင်ခြင်းကို အဝေး၌မထားနှင့်၊ ယခု လက်ငင်းလုပ်သော အလုပ်တွေကို တစ်ခုပြီးတစ်ခု အောင်မြင်ရမည်ဟု စူးစိုက်စွာလုပ်၊ စူးစိုက်စွာ အမိန့်ပေးလေ၊ အလုပ်တစ်ခုပြီးတစ်ခု အောင်မြင်ခြင်းသည် ရည်ရွယ်ချက်သို့ ရောက်စေသော လှေကားများ ဖြစ်ကြလေသည်။
အလုပ်တစ်ခုကိုလုပ်ရာ၌ အလုပ်၏အစိတ်အပိုင်းတွေ များစွာရှိ၏။ ထိုအလုပ်ကြီးတစ်ခုလုံး၏ အောင်မြင်ခြင်းဖြစ်ဖို့ရန် ထိုအစိတ်အပိုင်းလေးတွေကို ရှေးဦးပထမ တစ်ခုပြီးတစ်ခု အောင်မြင်ဖို့ ကြိုးစားရမည်။
မိမိအလုပ်များ၌ အစီအစဉ်ရှိရမည်။ အစီအစဉ်မရှိလျှင် ရှုပ်ပွေ၍ နေလိမ့်မည်။ ရှုပ်ပွေအားကြီးလျှင် လုပ်လေရှုပ်လေ၊ အလုပ်သည် အရှုပ်ကို ရှင်းရ၏။

မိမိကိုယ်မိမိ ရိုသေရမည်။ ထိုအခါ ကမ္ဘာလောကသည် ပိုမို၍ ရိုသေလိမ့်မည်။

ပီမိုနင်း (စိတ်တန်ခိုးကျမ်း) 
All credit to original post owner

စိန်ဗေဒါ

 ၁။ "မနေ့က စိန်ဗေဒါထက် ဒီနေ့ စိန်ဗေဒါက သာအောင် ကြိုးစားနေရတာ" ဟူသောစကားကို ပြောကြားသူကား နေမျိုးဗလကျော်ထင်ဘွဲ့ရ ရွာစားကြီး စိန်ဗေဒါကိုယ်တိုင်ပင် ဖြစ်ပါသည်။ စိန်ဗေဒါသည် ပတ်သိုင်းတီးပညာ၌ မြန်မာဆိုင်းသမိုင်းတွင် အမြင့်ဆုံးစံချိန်တင်ထားသည့် အမြဲတမ်းချန်ပီယံ ဖြစ်သည်။ သို့သော် ပတ်ဝိုင်းသာ တီးတတ်သည်မဟုတ်။ ပလွေ၊ စောင်း၊ နှဲ၊ မိကျောင်း၊ ပတ္တလားတို့ကိုလည်း အထူးကျွမ်းကျင်လိမ္မာစွာ တီးခတ်နိုင်သည်။ အလားတူပင် အနောက်နိုင်ငံ တူရိယာများဖြစ်သည့် တယော၊ ဘင်ဂျို၊ မယ်ဒလင်၊ အကော်ဒီယံ၊ ကောနက် စသည်တို့ကိုလည်း အပိုင်အနိုင် တီးမှုတ်နိုင်ပြန်သည်။ တစ်ဖန် အတီးအမှုတ်ပညာတွင် နှံ့စပ်စုံလင်လှပါဘိ ဆိုတာလောက်နှင့် ပြီးသေးသည်မဟုတ်။ အဆိုပိုင်းကျတော့လည်း ထိပ်တန်းအဆိုတော် ဖြစ်နေပြန်သည်။
၂။ သို့သော် သည်လို တူရိယာဂီတနယ်မှာ စွယ်စုံပါရဂူဖြစ်ခြင်းသည် ကုသိုလ်ကံထောက်မ၍ အခြောက်တိုက်ဖြစ်ခြင်း မဟုတ်ပါ။ ငယ်စဉ်ကတည်းက ထောင်းထောင်းကြေအောင် လေ့ကျင့်ခဲ့သော ဂီတပညာကို ကျွမ်းကျင်ပိုင်နိုင်လှသည်ဟူ၍ အသာမနေ၊ ကျွမ်းကျင်ပြီး တီးကွက်တွေ ညက်သထက်ညက်အောင်၊ တီးကွက်အသစ်အဆန်းတွေ ကိုယ့်လက်က အမြဲထွက်နေအောင် မပြတ်လေ့ကျင့်နေခြင်းကြောင့်သာ နာမည်ကျော်သလောက် တကယ်တော်နေရခြင်းဖြစ်သည်။
၃။ ဆိုင်းဆရာ ကိုမောင်ကလေးကို ရွာစားကြီး စိန်ဗေဒါ ဖြစ်လာအောင် တိုးမြှင့်ပေးလိုက်သောအရာသည် သူ့တစ်သက်တာပတ်လုံး ကိုင်ဆွဲခဲ့သည့် "မနေ့ကငါထက် ဒီကနေ့ငါက သာအောင်" ဆိုသော စိတ်ဓာတ်ပင် ဖြစ်သည်။ စိန်ဗေဒါလို စိတ်ဓာတ်မျိုးရှိ၍ စိန်ဗေဒါစကားမျိုး ပြောခဲ့ကြသည့် အနုပညာရှင်၊ အတတ်ပညာရှင်တွေ ကမ္ဘာမှာ များစွာပင်ရှိပါသည်။ ဥပမာ - အမေရိကန်ပန်းပုဆရာကြီး ဂျွန်အာဒမ်စ်ဝါ့ဒ်။ သူသည် ပုံတူရုပ်တုကြီးများ၊ ကျောက်တိုင် စသည့် အထိမ်းအမှတ် အဆောက်အအုံကြီးများ ဖန်တီးပြုလုပ်ရာ၌ ထင်ရှားသူဖြစ်သည်။ တစ်ခါ၌ ၀ါ့ဒ်အား တစ်စုံတစ်ယောက်က "ခင်ဗျားလက်ရာတွေထဲမှာ ဘယ်ဟာကို အကောင်းဆုံးလို့ ဆိုမလဲဗျ" ဟု မေးသည့်အခါ သူက "အခုနောက်ဆုံး ကျွန်တော်လုပ်မယ့်ဟာပဲဗျ" ဟူ၍ ဖြေခဲ့သည်။ စိန်ဗေဒါစိတ်ဓာတ်၊ စိန်ဗေဒါဝါဒကို ထင်ဟပ်သော စကားတစ်ခွန်းပင် ဖြစ်သည်။ စင်စစ် ဤသည်မှာ ထူးချွန်ပြောင်မြောက်ကြသူတို့ လက်တွေ့ကိုင်စွဲ ကျင့်သုံးတတ်သည့် အောင်မြင်ရေးဒဿနတစ်ခုလည်း ဖြစ်ပါသည်။
၎။ မိမိအရည်အချင်းကို လက်ရှိ အမြင့်ဆုံးအနေအထားထက် ပို၍မြင့်မားအောင် မြှင့်တင်လိုစိတ် ရှိ၊ မရှိ ဟူသော အချက်သည်ပင် လူတော်နှင့် လူညံ့၊ အောင်မြင်ထွန်းပေါက်မည့်သူနှင့် နိမ့်ပါးနုံချာမည့် သူတို့ကို ခွဲခြားပေးနိုင်သည့် အဓိကအချက်တစ်ရပ် ဖြစ်သည်။

[အပြောင်မြောက်ဆုံး ဘ၀တစ်ခုတည်ဆောက်ခြင်း၊ ၉/၁၉၉၉]

All Credit to Original Post Owner

ဝေလာမသုတ် နှင့် ဝိပဿနာ အကျိုးကြီးမားပုံ

 ဝေလာမသုတ် နှင့် ဝိပဿနာအကျိုးကြီးမားပုံ




အခါတစ်ပါး၌မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏အရံဖြစ်သော ဇေတဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏။ထိုအခါ မြတ်စွာဘုရား အထံသို့ ချဉ်းကပ်ပြီးလျှင် ရှိခိုး၍တစ်ခုသောနေရာ၌ ထိုင်နေသော အနာထပိဏ် သူဌေးအားမြတ်စွာဘုရားသည် -

''သူကြွယ်သင်၏အိမ်၌ အလှူကို ပေးလှူ၏လော''ဟု မေးတော်မူ၏။ အသျှင်ဘုရားအကျွန်ုပ်၏ အိမ်၌ အလှူကို ပေးလှူပါ၏၊ ထိုအလှူသည်လည်းပအုံးရည်လျှင် နှစ်ခွက်မြောက်ေ သာ ယုတ်ညံ့သော ဆန်ကွဲထမင်းမျှသာဖြစ်ပါသည် ဟု (လျှောက်၏)။

သူကြွယ် ယုတ်ညံ့သည်ဖြစ်စေမွန်မြတ်သည်ဖြစ်စေ အလှူကို ပေးလှူ၏၊ ထိုအလှူကိုလည်း မရိုမသေ လှူပါမူ၊ စိတ်မပါဘဲ လှူပါမူ၊ မိမိလက်ဖြင့် (ကိုယ်တိုင်) မဟုတ်ဘဲ လှူပါမူ၊ လွှင့်ပစ် သကဲ့သို့ လှူပါမူ၊ ကံ ကံ၏အကျိုးရှိ၏ဟု အယူမရှိဘဲ လှူပါမူ...

ထိုအလှူ၏အကျိုးဖြစ်လေရာတိုင်း၌... မွန်မြတ်သော အစာကို သုံးဆောင်ရန် စိတ်မညွတ်၊ မွန်မြတ်သော အဝတ်ကို သုံးဆောင်ရန် စိတ်မညွတ်၊ မွန်မြတ်သော ယာဉ်ကို သုံးဆောင်ရန် စိတ်မညွတ်၊ မွန်မြတ်သော ကာမဂုဏ် ငါးပါးတို့၌သုံးဆောင်ရန် စိတ်မညွတ်၊ သားမယားအလုပ်သမားတို့သည်လည်း(ပြောစကားကို) မနာခံကုန်၊ နားမထောင်ကုန်၊သိရန် စိတ်ကို မထားကုန်။

ထိုသို့ ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်း... သူကြွယ် မရိုမသေ ပြုအပ်ကုန်သော (ကောင်းမှု) ကံတို့၏ အကျိုးသည် ဤသို့ ဖြစ်တတ်သောကြောင့်တည်း။

သူကြွယ် ယုတ်ညံ့သည်ဖြစ်စေမွန်မြတ်သည်ဖြစ်စေ အလှူကို ပေးလှူ၏၊ ထိုအလှူကိုလည်း ရိုရိုသေသေ လှူပါမူ၊ စိတ်ပါဝင်စားစွာ လှူပါမူ၊ မိမိလက် ဖြင့် (ကိုယ်တိုင်) လှူပါမူ၊ လွှင့်ပစ် သကဲ့သို့မဟုတ်ဘဲ လှူပါမူ၊ ကံ ကံ၏အကျိုးရှိ၏ဟု အယူရှိ၍လှူပါမူ၊

အလှူ၏အကျိုးဖြစ်လေရာတိုင်း၌...

မွန်မြတ်သော အစာကို သုံးဆောင်ရန် စိတ်ညွတ်၏၊ မွန်မြတ်သော အဝတ်ကို သုံးဆောင်ရန် စိတ်ညွတ်၏၊ မွန်မြတ်သော ယာဉ်ကို သုံးဆောင်ရန် စိတ်ညွတ်၏၊ မွန်မြတ်သော ကာမဂုဏ် ငါးပါးတို့၌သုံးဆောင်ရန် စိတ်ညွတ်၏၊ သားမယားအလုပ်သမားတို့သည်လည်း(ပြောစကားကို)နာ ခံလိုကုန်၏၊ နားထောင်ကုန်၏၊ သိရန် စိတ်ကို ထားကုန်၏။

ထိုသို့ ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်း... သူကြွယ် ရိုရိုသေသေ ပြုအပ်ကုန်သော (ကောင်းမှု) ကံတို့၏ အကျိုးသည် ဤသို့ ဖြစ်တတ်သောကြောင့်တည်း။

သူကြွယ် ရှေးက ဖြစ်ဖူးသည်ကားဝေလာမမည်သော ပုဏ္ဏား(ဟု)ရှိခဲ့ဖူး၏၊ ထို ပုဏ္ဏားသည် ဤမျှကြီးကျယ်သော အလှူကို လှူခဲ့၏၊ ငွေဖြင့် ပြည့်သော ရွှေခွက် ရှစ်သောင်းလေးထောင်တို့ကို လှူခဲ့၏၊ရွှေဖြင့် ပြည့် သော ငွေခွက် ရှစ်သောင်းလေးထောင်တို့ကို လှူခဲ့၏၊ ရတနာခုနစ်ပါးဖြင့်ပြည့်သော ကြေးခွက် ရှစ်သောင်း လေးထောင်တို့ကို လှူခဲ့၏၊ရွှေတန်ဆာ ရွှေတံခွန် ရွှေကွန်ရက် ဖုံးလွှမ်းအပ်ကုန်သော ဆင် ရှစ်သောင်းလေးထောင် တို့ကို လှူခဲ့၏၊ ခြင်္သေ့ရေ ကျားရေ သစ်ရေ ပဏ္ဍုကမ္ဗလာတို့ဖြင့်ခြံရံအပ်ကုန်သော ရွှေတန်ဆာ ရွှေတံခွန် ရွှေကွန်ရက်တိြု့ ဖင့် ဖုံးလွှမ်းအပ်ကုန်သော ရထားရှစ်သောင်းလေးထောင် တို့ကို လှူခဲ့၏၊ ဘွဲ့ဖြူပုဆိုးခင်းအပ်ကုန်သော ငွေ(နို့ရေခံ) ခွက်ရှိကုန်သော နွားမရှစ်သောင်းလေးထောင် တို့ကို လှူခဲ့၏၊ ပတ္တမြားနားတောင်းဝတ်သော အမျိုးသမီး ရှစ်သောင်းလေးထောင် တို့ကို လှူခဲ့၏၊မွေးရှည် ကော်ဇောကြီးသားမွေးဖြူအခင်း ပန်းပြောက်ခြယ် သားမွေးအခင်းဖြင့်ခင်းအပ်ကုန်သော၊ ဝံပိုင့်ရေ အခင်းမြတ်, (နီသော) မျက်နှာကြက်နှင့်အုံးနီနှစ်ဖက် ရှိကုန်သော ပလ္လင် ရှစ်သောင်းလေးထောင် တို့ကိုလှူခဲ့၏၊ သိမ်မွေ့နူးညံ့သော ခေါမမည်သော ပုဆိုး သိမ်မွေ့သော ပိုးချည်အဝတ် သိမ်မွေ့သော ဝါချည်အဝတ် ကုဋေရှစ်သောင်းလေးထောင် တို့ကို လှူခဲ့၏၊ထမင်းခဲဖွယ် စားဖွယ်လျက်ဖွယ်သောက်ဖွယ်ကို လှူခြင်း၌ကား ဆိုဖွယ်မရှိ မြစ်ရေ စီးသကဲ့သို့ ထင်ရကုန်၏။

သူကြွယ် ''ထိုအခါက ဖြစ်ခဲ့သော ထိုကြီးကျယ်သော အလှူကို လှူခဲ့သော ဝေလာမပုဏ္ဏားဟူသည်အခြားသူ ဖြစ်တန်ရာ၏''ဟု သင့်အားဤသို့အကြံ ဖြစ်ရာ၏၊ သူကြွယ် ထိုအကြောင်းကို ဤသို့ မမှတ်လင့်၊ငါသည် ထိုအခါက ဝေလာမပုဏ္ဏား ဖြစ်ခဲ့ဖူး၏၊ ငါသည် ထိုကြီးကျယ်သော အလှူကို လှူခဲ့၏။

သူကြွယ် ထိုအလှူ၌ မြတ်သော အလှူကို ခံထိုက်သူ တစ်ဦးတစ်ယောက်မျှမရှိခဲ့၊တစ်ဦးတစ်ယောက်မျှ မြတ်သော အလှူကို မသုတ်သင်နိုင်ခဲ့ ။

သူကြွယ် ဝေလာမပုဏ္ဏားသည် အကြင် ကြီးကျယ်သော အလှူကို လှူခဲ့၏။အကြင် တစ်ဦး တစ်ယောက်သည်ကား အယူပြည့်စုံသူ သောတာပန်တစ်ဦးကိုကျွေးမွေးရာ၏၊ ထိုသောတာပန်တစ်ဦးကို ကျွေးမွေးရခြင်းသည် ထိုဝေလာမ ပုဏ္ဏား၏အလှူကြီးထက် သာ၍အကျိုးကြီး၏။

အကြင်သူသည် သောတာပန်တစ်ရာကို ကျွေးမွေးရာ၏၊ အကြင်သူသည်ကား သကဒါဂါမ်တစ်ဦးကိုကျွေးမွေးရာ၏၊ ဤသကဒါဂါမ်တစ်ဦးကို ကျွေးမွေးရခြင်း သည် ထိုသောတာပန် တစ်ရာကို ကျွေးမွေးရခြင်းထက် သာ၍ အကျိုးကြီး၏။

အကြင်သူသည် သကဒါဂါမ်တစ်ရာကိုကျွေးမွေးရာ၏၊ အကြင်သူသည်ကား အနာဂါမ်တစ်ဦးကို ကျွေးမွေးရာ၏ဤ အနာဂါမ်တစ်ဦးကို ကျွေးမွေးရခြင်းသည် ထို သကဒါဂါမ်တစ်ရာကိုကျွေးမွေးရခြင်းထက် သာ၍ အကျိုးကြီး၏။

အကြင်သူသည် အနာဂါမ်တစ်ရာကို ကျွေးမွေးရာ၏၊ အကြင်သူသည်ကား ရဟန္တာ တစ်ပါးကို ကျွေးမွေးရာ၏။ဤ ရဟန္တာ တစ်ပါးကို ကျွေးမွေးရခြင်းသည် ထို အနာဂါမ်တစ်ရာကို ကျွေးမွေးရခြင်းထက် သာ၍ အကျိုးကြီး၏။

အကြင်သူသည် ရဟန္တာတစ်ရာကို ကျွေးမွေးရာ၏၊ အကြင်သူသည်ကား ပစ္စေကဗုဒ္ဓါတစ်ပါးကို ကျွေးမွေးရာ၏။ ဤပစ္စေကဗုဒ္ဓါတစ်ပါးကို ကျွေးမွေးရခြင်းသည် ထို ရဟန္တာတစ်ရာကိုကျွေးမွေးရခြင်းထက် သာ၍ အကျိုးကြီး၏။

အကြင်သူသည် ပစ္စေကဗုဒ္ဓါတစ်ရာကို ကျွေးမွေးရာ၏၊ အကြင် သူသည်ကား ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို)ကိုယ်တိုင် မှန်စွာ သိတော်မူသော မြတ်စွာဘုရားကို ကျွေးမွေးရာ၏။ဤ မြတ်စွာဘုရားကို ကျွေးမွေးရခြင်းသည် ထို ပစ္စေက ဗုဒ္ဓါတစ်ရာကို ကျွေးမွေးရခြင်းထက် သာ၍အကျိုးကြီး၏။

အကြင်သူသည်ကား မြတ်စွာဘုရားအမှူးရှိသော ရဟန်း သံဃာကို ကျွေးမွေးရာ ၏။ပ ။

အကြင်သူသည်ကား အရပ်လေးမျက်နှာ၌ ရှိသော သံဃာကို ရည်ညွှန်း၍ ကျောင်းဆောက်ရာ၏။ပ ။

အကြင်သူသည်ကား ကြည်ညိုစိတ် ရှိသဖြင့် ဘုရားတရား သံဃာကို ကိုးကွယ်ရာ ဟု ဆည်းကပ်ရာ၏။ ပ။

အကြင်သူသည်ကား ကြည်ညိုစိတ် ရှိသဖြင့် သူ့အသက်သတ်ခြင်းမှ ရှောင်ကြဉ်မှု၊မပေးသည်ကို ယူခြင်းမှ ရှောင်ကြဉ်မှု၊ကာမဂုဏ်တို့၌မှားယွင်းစွာကျင့်ခြင်းမှ ရှောင်ကြဉ်မှု၊မဟုတ်မမှန် ပြော ခြင်းမှ ရှောင်ကြဉ်မှု၊ ယစ်မူးမေ့လျော့ခြင်း၏အကြောင်းဖြစ်သော သေအရက် သောက်ခြင်းမှ ရှောင်ကြဉ်မှု (ဟူသော) သိက္ခာ ပုဒ်တို့ကို ဆောက်တည်ရာ၏။

အကြင်သူသည်ကား အယုတ်သဖြင့် နံ့သာ တစ်ရှူခန့်မျှ အချိန်လောက်မေတ္တာ စိတ်ကို ပွါးများရာ၏၊

အကြင်သူသည်ကား လက်ဖျစ် တစ်တွက်ခန့်မျှ အချိန်လောက်အနိစ္စသညာကိုပွါးများရာ၏၊ဤလက်ဖျစ် တစ်တွက်ခန့် အချိန်လောက် အနိစ္စသညာကို ပွါးများခြင်းသည်ထိုမေတ္တာ ပွါးများခြင်းထက်သာ၍အကျိုးကြီး၏။

သူကြွယ် ဝေလာမပုဏ္ဏားသည် အကြင် အလှူကြီးကို လှူခဲ့၏၊ အကြင်သူသည်ကား အယူပြည့်စုံသူ (သောတာပန်) တစ်ဦးကို ကျွေးမွေးရာ၏၊ အကြင်သူသည် အယူပြည့်စုံသူ (သောတာပန်) တစ်ရာကို ကျွေးမွေးရာ၏၊ အကြင်သူသည်ကား သကဒါဂါမ် တစ်ဦးကို ကျွေးမွေးရာ၏၊ အကြင်သူသည် သကဒါဂါမ်တစ်ရာကို ကျွေးမွေးရာ၏၊ အကြင်သူသည်ကား အနာဂါမ်တစ်ဦးကို ကျွေးမွေးရာ၏၊ အကြင်သူသည် အနာဂါမ်တစ်ရာကို ကျွေးမွေးရာ၏၊ အကြင်သူသည်ကား ရဟန္တာတစ်ပါးကို ကျွေးမွေးရာ၏၊ အကြင်သူသည် ရဟန္တာတစ်ရာကို ကျွေးမွေးရာ၏၊ အကြင်သူသည်ကား ပစ္စေကဗုဒ္ဓါ တစ်ပါးကို ကျွေးမွေးရာ၏၊ အကြင်သူသည် ပစ္စေကဗုဒ္ဓါတစ်ရာကို ကျွေးမွေးရာ၏၊ အကြင်သူသည်ကား မြတ်စွာဘုရားကို ကျွေးမွေးရာ၏၊ အကြင်သူသည် ဘုရားအမှူးရှိသောသံဃာကို ကျွေးမွေးရာ၏၊ အကြင်သူသည်ကား အရပ်လေးမျက်နှာ၌ ရှိသော သံဃာကို ရည်ညွှန်း၍ ကျောင်းဆောက်ရာ၏၊ အကြင်သူသည် ကြည်ညိုစိတ်ရှိသ ဖြင့် ဘုရားတရား သံဃာကို ကိုးကွယ်ရာ၏၊ အကြင်သူသည်ကား သူ့အသက် သတ်ခြင်းမှ ရှောင်ကြဉ်မှု။ပ။ ယစ်မူးမေ့လျော့ခြင်း၏အကြောင်းဖြစ်သော သေအရက်သောက်ခြင်းမှ ရှောင်ကြဉ်မှု ဟူသော သိက္ခာပုဒ်တို့ကိုဆောက်တည်ရာ၏၊ အကြင်သူသည် နံ့သာ တစ်ရှူခန့်မျှ အချိန်လောက် မေတ္တာစိတ်ကိုပွါးများရာ၏၊ အကြင်သူသည်ကား လက်ဖျစ်တစ်တွက်ခန့်မျှ အချိန်လောက်အနိစ္စသညာကိုပွါးများရာ၏၊
ဤလက်ဖျစ် တစ်တွက်ခန့်မျှအချိန်လောက် အနိစ္စသညာကို ပွါးများခြင်းသည်ထိုမေတ္တာစိတ်ကို ပွါးများခြင်းထက်သာ၍ အကျိုးကြီး၏ဟု (မိန့်တော်မူ၏)။

၁ဝ - ဝေလာမသုတ်၊သမ္ဘောဓိဝဂ်၊ နဝကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။

ဝိပဿနာ အကျိုးကြီးမားပုံ…

မြတ်ဗုဒ္ဓရှင်တော်ဘုရားသည် သာဝတ္ထိပြည်မွန် ဇေတဝန်ကျောင်းတော်၌သီတင်းသုံးတော်မူနေစဉ်အခါ၌ ကျောင်းဒါယကာကြီးအနာထပိဏ် သူဌေးအား အလှူဒါနနှင့်ပတ်သက်၍ဝေလာမသုတ်တရားတော်ကို မိန်.တော်မူသည်။ 

  • ၁။ဝေလာမသုတ်တရားတော်အကျဉ်းချုပ်ကား… ရှေးအခါက ဝေလာမအမည်ရှိပုဏ္ဏားသူဌေးကြီးသည် မဟာဒါနအလှူတ်ာကိုပေးလှူ၏။ယင်းအလှူ၌ ငွေဒင်္ဂါး အပြည့်ပါသော ရွှေခွက်ကြီးရှစ်သောင်းလေးထောင်၊ ရွှေဒင်္ဂါး အပြည့်ပါသော ငွေခွက်ကြီးပေါင်း ရှစ်သောင်းလေးထောင် စသည်ဖြင့် ရှစ်သောင်းလေးထောင်ပေါင်းများစွာသော ရတနာ ခုနှစ်ပါးဆင်မြင်းကျွဲနွား၊ အဝတ်အထည် အသုံးအဆောင်ပစ္စည်းအစုံပေါင်း များစွာကို ပေးလှူသည်။ အလှူတော်ကြီးသည်ကား မြစ်ရေအလျင်ကြီး တရဟောစီးသကဲ့သို. အကြီးအကျယ်လှူခြင်း ဖြစ်ပေသည်။ 
  •  ၂။သာသနာပအခါ၌ဤမျှကြီးကျယ်သော ဝေလာမပုဏ္ဏား၏မဟာအလှူတော်ကြီးသည် သာသနာတော်တွင်း၌ အယူသီလနှင့်ပြည့်စုံသော ဗုဒ္ဓဘာသာဝင် လူဝတ်ကြောင်တစ်ယောက်အား ထမင်းတစ်ထပ် ပေးလှူရသလောက် အကျိုးမကြီးချေ။ ဗုဒ္ဓဘာသာဝင် လူဝတ်ကြောင် တစ်ယောက်အား ထမင်းတစ်ထပ် ပေးလှူရသည်က အကျိုးပို၍ ကြီးမားသည်။ 
  • ၃။ဗုဒ္ဓဘာသာဝင် လူဝတ်ကြောင်တစ်ရာကို ကျွေးမွေးပေးလှူရသည်ထက်သောတာပန်တစ်ယောက်အားပေးလှူရသည်က အကျိုးပို၍ကြီးမားသည်။ 
  • ၄။သောတာပန်တစ်ရာကိုပေးလှူရသည်ထက် သကဒါဂါမ် တစ်ယောက်အားပေးလှူရသည်က အကျိုးပို၍ ကြီးမားသည်။ 
  • ၅။သကဒါဂါမ်တစ်ရာကိုပေးလှူရသည်ထက် အနာဂါမ် တစ်ယောက်ကို ပေးလှူရသည်က ပို၍အကျိုး ကြီးမားသည်။ 
  • ၆။အနာဂါမ်တစ်ရာကို ပေးလှူရသည်ထက် ရဟ န္တာတစ်ပါးကို ပေးလှူရသည်ကပို၍အကျိုးကြီးမားသည်။ 
  • ၇။ရဟ န္တာတစ်ရာကို ပေးလှူရသည်ထက် ပစ္စေကဗုဒ္ဓါတစ်ပါးကို ပေးလှူရသည်က ပို၍ အကျိုးကြီးမားသည်။
  • ၈။ပစ္စေကဗုဒ္ဓါတစ်ရာကို ပေးလှူရသည်ထက် သဗ္ဗညုဘုရားတစ်ဆူကို ပေးလှူရသည်က ပို၍ အကျိုးကြီးမားသည်။ 
  • ၉။ဘုရားရှင်အားပေးလှူရသည်ထက် သံဃိကကျောင်းတစ်ဆောင် ဆောက်လုပ်လှူဒါန်းရသည်က ပို၍အကျိုးကြီးမားသည်။ 
  • ၁၀။ထို.ထက် မိမိကိုယ်တိုင်သရဏဂုံ ဆောက်တည်ခြင်းကပို၍အကျိုးကြီး၏။ 
  • ၁၁။ထို.ထက် မိမိကိုယ်တိုင်ငါးပါးသီလစောင့်ထိန်းခြင်းက ပို၍ အကျိုးကြီးမား၏။ 
  • ၁၂။ထို.ထက် မေတ္တာဘာဝနာကို နံ.သာတစ်ခါရှူမျှ ပွားခြင်းကပို၍ အကျိုးကြီး၏။ 
  • ၁၃။ထို.ထက် အနိစ္စဝိပဿနာ ဘာဝနာကို နို.တစ်ညှစ်မျှ ပွားခြင်းကပို၍ အကျိုးကြီးမား၏။ … 


ဟူ၍ ဟောကြားတော်မူပေသည်။ယင်းတရားအားလုံးကို ခြုံ၍သုံးသပ်လိုက်သောအခါ … (၁)မှ(၉) အထိသည် … ဒါန ကုသိုလ်တရားမျိုးဖြစ်သည်၊ (၂)မှ(၁၁)အထိသည်… သီလ ကုသိုလ်တရားမျိုး ဖြစ်သည်၊ (၁၂)မှာ သမထဘာဝနာ ကုသိုလ်မျိုး ဖြစ်၍(၁၃)မှာ ဝိပဿနာ ဘာဝနာ ကုသိုလ်မျိုးဖြစ်သည်။ သို.ဖြစ်၍မြတ်စွာဘုရားသည် ဤဝေလာမသုတ်တော်ဖြင့် …. ဒါနကုသိုလ်ထက် သီလကုသိုလ်မျိုးကမြတ်သည်၊ သီလကုသိုလ်မျိုးထက် သမထဘာဝနာ ကုသိုလ်မျိုးက မြတ်သည်၊ သမထဘာဝနာကုသိုလ်မျိုးထက် ဝိပဿနာဘာဝနာကုသိုလ်မျိုးက မြတ်သည်ဟူ၍ ခွဲခြားသတ်မှတ်တော် မူကြောင်းကို သိရှိရပေသည်။ ဤသည်ကိုသိရှိခြင်းဖြင့် ဝိပဿနာဘာဝနာသည် မည်မျှ အကျိုးကျေးဇူးကြီးမားသည်ကို နှိုင်းယှဉ် သိရှိနိုင်မည် ဖြစ်ပါသည်။

(ကျော်နန္ဒအောင်၏ ကျေးဇူးတော်ရှင် ဆရာတော်ကြီးများ၏ ဝိပဿနာရှုနည်းများပထမတွဲမှ ကောက်နုတ်ဖော်ပြ ပါသည်။)

All Credit to Original Post Owner.
ကိုဖြိုးမင်းဇော်  , ဗုဒ္ဓတရားတော်များ 

Friday, 16 January 2015

ယနေ့ခေတ်ဖြစ်နေသည့် သဘောတရားများ

  • သူတော်ကောင်းစကားကို ပြောတတ်သော်လည်း သူတော်ကောင်းအကျင့်ကို မကျင့်တတ်။
  • စာကို ဖတ်တတ်သော်လည်း စာသဘောကို သိအောင်မကြိုးစား။
  • သူတစ်ပါးက လိမ်ညာမှာကို ကြောက်သော်လည်း မိမိကိုယ်မိမိ လိမ်ညာနေတာမကြောက်။
  • သူတစ်ပါးကို သနားဖို့တတ်သော်လည်း မိမိကိုယ်ကိုယ် သနားဖို့မတတ်။
  • မိမိကိုယ်ကိုယ် အကျဉ်းထောင်ကျမှာကို ကြောက်၏၊ စိတ်အကျဉ်းထောင်ကျနေသည်ကို မသိ။
  • လွတ်လပ်မှုကို လူတိုင်းလိုလား၏၊ မိမိစိတ်မှာ လွတ်လပ်သူဖြစ်အောင် မကြိုးစား။
  • သူများအထင်ကြီးဖို့ကို လိုလား၏၊ မိမိကိုယ်ကိုယ် လေးစားရမှန်းမသိ။
  • သူတစ်ပါးမှားသည်ကို မြင်၏၊ မိမိမှားသည်ကို မမြင်။
  • သူတစ်ပါးကို ဆုံးမဖို့တတ်၏၊ မိမိကိုယ်မိမိ ဆုံးမဖို့မတတ်။
  • သူများမကောင်းပြောမှာကို မကြောက်နှင့်၊ မိမိစိတ်မှာ မကောင်းဖြစ်မှာကိုသာကြောက်။
  • ငွေကြေး ဆင်းရဲမှာကို မကြောက်နဲ့၊ အသိဉာဏ်ဆင်းရဲမှာကိုကြောက်။
  • ဥစ္စာပစ္စည်း ဆင်းရဲလို့ သူတော်ကောင်း အပြစ်မမြင်၊ အသိဉာဏ်ဆင်းရဲမှ သူတော်ကောင်း အပြစ်မြင်သည်။
  • ကုသိုလ်လိုချင်၍ အလှူလုပ်၏၊ အကုသိုလ်ကို မရှောင်ကြဉ်၍ အလှူမဖြစ်။
  • နတ်ပြည်ကို ရောက်ချင်၍ ကောင်းမှုကိုပြု၏၊ အကုသိုလ်ဖြစ်သည်ကို နားမလည်၍ အပါယ်ကိုလား၏။
  • ဘုရားကို ရိုသေလေးစား၏၊ ဘုရားစကားကို နားထောင်ရမှန်းမသိ။
  • နိဗ္ဗာန်ကို လိုချင်၏၊ ဘုရားသွားရာလမ်းသို့ လိုက်ရမှာကြောက်၏။
  • သူတော်ကောင်းတရားကို သိချင်၍ တရားနာ၏၊ လူမိုက်တို့၏ အကျင့်ကို မရှောင်၍ တရားနှင့်ဝေး၏။
  • ဗုဒ္ဓဘာသာကို မကောင်းပြောလျှင် မုန်း၏၊ ဗုဒ္ဓတားမြစ်ထားသောတရားကို နေ့စဉ်ပြုလုပ်၏။
  • တိုင်းပြည်ကို ကောင်းစေချင်၏၊ မိမိအိမ်မှာမိမိ ကောင်းအောင်နေဖို့ထိုင်ဖို့ မတတ်။
  • ရပ်ရွာများ အေးချမ်းသာယာစေချင်၏၊ ရပ်ရွာအကျိုးကို ဆောင်ရွက်လိုစိတ် လုံးဝမရှိ။
  • ကျန်းမာရေးကောင်းစေချင်၏၊ ကျန်းမာအောင် နေထိုင်စားသောက်ဖို့ မတတ်၊။
  • အသက်အရွယ်က တဖြည်းဖြည်း ကြီးလာ၏၊ အသိဉာဏ်က တဖြည်းဖြည်း ကြီးမလာ၊ လောဘ၊ ဒေါသသာ တဖြည်းဖြည်း ကြီးထွားလာသည်။
  • ကိုယ့်အမှားကို မမြင်ဘဲ သူတစ်ပါးအမှားကိုကြည့်ပြီး အပြစ်တင်နေတာ အကျိုးမရှိ၊ မကောင်းမှုကို မိမိမှစ၍ သိလျှင်သိချင်း ရပ်ပါ၊ မှန်ကန်သော အသိဉာဏ်သည် တန်ဖိုးမဖြတ်နိုင်၊ အမြင်မှန်၊ အတွေးမှန်၊ အလုပ်မှန်မှသာ လူ့ဘ၀၌ အဆင်ပြေနိုင်သည်၊ သိပြီးတော့ မလုပ်ရင် မသိသေးလို့ပါ၊ နည်းနည်းသိ နည်းနညည်းလုပ်၊ များများသိ များများလုပ်ပါ။
  • လူတွေ ဒုက္ခများနေတဲ့အချိန်မှာ ငြိမ်းချမ်းရေးနှင့် သင့်မြတ်ရေးဟာ မရှိမဖြစ် လိုအပ်တယ်၊ ကမ္ဘာကြီး ငြိမ်းချမ်းဖို့အတွက် ကိုယ်တိုင် ငြိမ်းချမ်းရမယ်၊ တစ်ဦးချင်း တာဝန်ယူရမယ်၊ တစ်ဦးချင်း တာဝန်ယူမှုမရှိဘဲ ကမ္ဘာကြီး ငြိမ်းချမ်းမှု မရနိုင်။
  • တန်ဖိုးရှိသော အလုပ်ကို ပြုလုပ်ရခြင်းသည် ကောင်း၏၊ တန်ဖိုးမရှိသော အလုပ်ကို ရှောင်ကြဉ်ခြင်းက ပို၍ ကောင်း၏။
  • သူတော်ကောင်းနှင့် ပေါင်းရတာ ကောင်း၏၊ သူယုတ်မာနှင့် မပေါင်းရတာက ပို၍ ကောင်း၏။
  • ဤလောကကြီးထဲမှာ လူကောင်းများ ဆရာဖြစ်သလို လူမိုက်လည်း ဆရာဖြစ်နိုင်သည်။
  • လူကောင်းသည် ကောင်းတာကို သင်၏၊ လူမိုက်သည် မကောင်းတာကို သင်၏၊ သင်သည် ကြိုက်တာကို သင်နိုင်သည်။
  • အမှောင်ထု ဖုံးလွှမ်းနေတဲ့အချိန်မှာ အလင်းရောင်လိုအပ်တယ်၊ အမှားများနေတဲ့အချိန်မှာ အမှန်ဆိုတာ လိုအပ်တယ်၊ အစဉ်အလာက အရေးမကြီး၊ အမှန်တရားက အရေးကြီးပါတယ်။
  • တရားကို ဟောသူလည်း များ၏၊ နာသူလည်း များ၏၊ မတရားကို ဟောသူလည်း မရှိ၊ နာသူလည်း မရှိ၊ ထို့ကြောင့် မတရားကိုသိသူ အလွန်နည်းပါး၏။ တရားကိုသိလျှင် အေးချမ်း၏၊ မတရားကို မသိလျှင် မအေးချမ်းနိုင်၊ လောကကြီး ပျက်စီးမှာကို ကြောက်၏၊ လောကကြီးကို ၀ိုင်းပြီး လူတိုင်းလိုလို ဖျက်နေကြ၏၊ လောကကို မိမိအတွက် အသုံးချ၏၊ မိမိကို လောကအတွက် အသုံးချဖို့ ၀န်လေး၏၊ လောကကြီးကို မိမိက မစောင့်ထိန်းလျှင် လောကကြီးကလည်း မိမိကို စောင့်ထိန်းလိမ့်မည်မဟုတ်။
  • မကြားဟန်ဆောင်နေသူလောက် နားပင်းသူ မရှိ။
  • မမြင်ဟန်ဆောင်နေသူလောက် မျက်စိကန်းသူ မရှိ။
  • သိဟန်ဆောင်နေသူလောက် မသိသူ မရှိ။
  • အို ရခိုင်သူ ရခိုင်သားအပေါင်းရို့ မကြာခင် လောကကြီး ပျက်စီးလိမ့်မည်၊ အချိန်မီ ၀ိုင်းဝန်းထိန်းသိမ်းကတ်ပါ၊ ဤလောကကြီးအတွင်းမှာ မှီတင်းနေထိုင်ကြသော လူတိုင်းမှာ တာဝန်ရှိပါသည်။
  • တရားစခန်းကိုဝင်၍ တရားရှာကြ၏၊ ခန္ဓာထဲကိုဝင်၍ တရားမရှာကြ၊ တရားစခန်းက သင်ပြသော စကားကို နားလည်နိုင်၏၊ ခန္ဓာကသင်ပြသော စကားကို နားမလည်နိုင်။
  • မိမိကိုယ်မိမိ သိပြီးဟုထင်၍ တပည့်များကိုရှာကြီး တရားဟော၏၊ တပည့်များသောဆရာ ဖြစ်နိုင်၏၊ ဆရာများများရှာ၍ တရားမနာသဖြင့် ဆရာများသောတပည့် မဖြစ်နိုင်၊ ဆရာများ၍ အပြစ်မရှိ တပည့်များက အပြစ်ရှိသည်၊ ဆရာများ၍ သားမသေ၊ ဆရာမှားမှ သားသေမည်၊ တပည့်များမှာထက် တပည့်မှားမှာကို ကြောက်ပါ။
  • တရားသည် စာအုပ်ထဲမှာ မရှိ ဉာဏ်ထဲမှာရှိ၏၊ စာကိုသင်၍ ရ၏၊ တရားကို သင်၍ မရ၊ ဉာဏ်နှင့်ကျင့်မှ ရမည်၊ စာသည် တရားမဟုတ်၊ တရားသည် စာမဟုတ် စာကပညတ်၊ တရားက ပရမတ်၊ ပရမတ်ကို မသိလျှင် ပညတ်က ဖိထားမည်၊ ပညတ်ကို မြင်နိုင်၏၊ ပရမတ်ကို မမြင်နိုင်၊ မြင်နိုင်တာက မရှိ၊ မမြင်နိုင်တာက ရှိ၏၊ ရှိတာကိုမမြင်၊ မရှိတာကို မြင်၏၊ လူတိုင်း လူတိုင်း မရှိသော ပညတ်နှင့် အချိန်ကုန် ခံနေကြ၏။ အမှန်ရှိသော ပရမတ်ကို ထုတ်ဖော်၍ ပြောသူမရှိ၊ ထို့ကြောင့် ပရမတ်ကို ထုတ်ဖော်၍ ပြခဲ့သော ဗုဒ္ဓ၏ တရားနှင့် တဖြည်းဖြည်း ဝေးလေ၏။
  • ဤအဆင့်ကို နားမလည်လျှင်၊ သဘောမပေါက်လျှင် အပင်ပန်းမခံနှင့်၊ သဘောပေါက်အောင် ဆရာကောင်းကို ချဉ်းကပ်၍ ဉာဏ်နား ဉာဏ်မျက်စိကို ဖွင့်၍ကြည့်မှ အမှားအမှန်ကို မြင်နိုင်သည်။


"ပါရမီရှိသူတိုင်း လေ့လာဖတ်ရှု ကူးယူပွားများနိုင်ကြပါစေ"
ဆရာကြီး ဦးသာထွန်းလှ ဆရာမကြီး ဒေါ်သောင်းရင်
သား မောင်ဉာဏ်လင်းထွန်း
ဓမ္မဒါန ကျောက်ခုတ်ရွာ၊ မင်းပြားမြို့နယ်။

Credit to Ko Nyan
ဒီနေရာက ကူးယူဖော်ပြပါသည်။

ထို့ကြောင့် စိုင်းစိုင်းဟုခေါ်သည်


ဟိုတစ်နေ့က တီဗွီမှာ စိုင်းထီးဆိုင်ရဲ့ VCD ခွေလေးကို အမှတ်မထင် ကြည့်လိုက်ရတယ်။ သီချင်းနာမည်က သဘာဝရဲ့ရင်သွေးငယ် ထင်ပါရဲ့။ အဲဒီသီချင်းမှာ သရုပ်ဆောင်တွေက စိုင်းစိုင်းခမ်းလှိုင်၊ ဟက်ကက်၊ ဖြိုးငွေစိုး၊ ညီညီတာ၊ ဂန္တ၀င် စသဖြင့် အများကြီးပဲ။ အဲဒီခေတ်က နာမည်ကြီးခဲ့တဲ့ မော်ဒယ်ဘွိုင်းတွေ မော်ဒယ်ဂဲလ်တွေပေါ့။ အဲဒီအချိန်တုန်းကတော့ ရိုက်သမျှ VCD တိုင်းမှာ သူတို့တွေက မပါမပြီးဘဲကိုး။ ခုလို ဆယ်စုနှစ်တစ်ခု ကျော်လာပြီးချိန်ကျတော့ အဲဒီလူငယ်သရုပ်ဆောင်တွေထဲမှာ စိုင်းစိုင်းခမ်းလှိုင် တစ်ယောက်သာ အအောင်မြင်ဆုံးအဖြစ် ဒီလောကထဲမှာ ဆက်ကျန်နေခဲ့တယ်။ အဲဒီသီချင်းကို ကြည့်နေရင်း Survival of the fittest ဆိုတဲ့ စကားလေးက ပါးစပ်ဖျားရောက်လာပါတယ်။ ကြိုးစားတိုင်းလည်း မဖြစ်တဲ့ လောကကြီး၊ မျှော်လင့်တိုင်းလည်း ဖြစ်မလာတတ်တဲ့ လောကကြီး၊ ဇာတ်လမ်းတစ်ပုဒ်လို အနိမ့်အမြင့် အတက်အကျတွေနဲ့ ပြည့်နှက်နေတဲ့ လောကကြီးမှာ အကြံ့ခိုင်ဆုံးဖြစ်တဲ့သူသာ ရှင်သန်ကျန်ရစ်ခဲ့နိုင်ပါတယ်။ ကျွန်တော့်အကြိုက်ဆုံးစာအုပ်အမျိုးအစားက ဘာလဲဆိုရင် အတ္ထုပတ္တိစာအုပ်တွေပဲ ဖြစ်ပါတယ်။ အတ္ထုပတ္တိစာအုပ်တွေဟာ စာဖတ်သူကို အတော်လေးအကျိုးပြုပါတယ်။ အောင်မြင်သူတွေရဲ့ ဘ၀ပေါ် ရှုမြင်ပုံတွေ၊ အခက်အခဲတွေ ဘယ်လောက်များများ လက်မလျှော့ အရှုံးမပေးဘဲ ကြိုးစားခဲ့တာတွေ၊ နောက်ပြီး သူတို့ရဲ့အမှားတွေ၊ ဒါတွေကို ကျွန်တော်တို့တွေက လေ့လာလို့ ရတယ်၊ အတုယူလို့ရတယ်။ ရှောင်သင့်တာတွေလည်း ရှောင်လို့ရတယ်။ ဘ၀မှာ ကိုယ်တိုင်ကြုံဖူးတော့မှပဲ သိခွင့်ရမယ်ဆိုရင် လောကကြီးလည်း ဒီလိုတိုးတက်လာဖို့ မရှိဘူး။ အဖိုးတုန်းကလည်း ဒီလို၊ အဖေ့ကျတော့လည်း ဒီလို၊ သားကျတော့ ဒီလို၊ တစ်ပုံစံတည်း ဖြစ်နေကြတော့မှာပေါ့။ ရှေ့လူတွေရဲ့ အမှန်အမှားတွေကို နောက်လူတွေက စာအုပ်တွေကတစ်ဆင့် ကြိုသိပြီး ဒီထက်ပိုကောင်းအောင် လုပ်နိုင်ခဲ့ကြလို့သာ မျိုးဆက်တစ်ဆက်ထက် တစ်ဆက် ပိုမြင့်လာကြတာ မဟုတ်လား။ အဲဒီအတွက် အတ္ထုပတ္တိစာအုပ်တွေဟာ လူ့ဘောင်လောက တိုးတက်ဖို့အတွက် အရေးပါပါတယ်။ စိုင်းစိုင်းခမ်းလှိုင်ဟာ ရက်ပ်ပါတစ်ယောက်ဖြစ်ပါတယ်၊ သရုပ်ဆောင်လည်းလုပ်တယ်၊ ဒါရိုက်တာလည်း လုပ်တယ်၊ ၀တ္ထုတွေလည်း ရေးဖူးတယ်။ ဒါပေမဲ့ အဆိုတော်တစ်ယောက်အနေနဲ့ သူအအောင်မြင်ဆုံးပါပဲ။ အောင်မြင်တာမှ ဆယ်စုနှစ်တစ်ခုကျော်ကြာ အောင်မြင်ခဲ့တယ်။ ဒီနေ့ထိလည်း အောင်မြင်နေတုန်းပဲ။ တကယ်တော့ အောင်မြင်ဖို့ထက် ရလာတဲ့အောင်မြင်မှုကို ထိန်းသိမ်းဖို့က ပိုခက်ပါတယ်။ သီချင်းတစ်ပုဒ်၊ အယ်လ်ဘမ်တစ်ခု ပေါက်ဖို့ အောင်မြင်ဖို့က လွယ်ပါတယ်။ အဲဒီလိုပေါက်ခဲ့ အောင်မြင်ခဲ့သူတွေလည်း အများကြီးပါ။ ဒါပေမဲ့ သီချင်းတွေအများကြီး၊ အယ်ဘမ်တွေအများကြီး အောင်မြင်တဲ့သူ ဆိုရင်တော့ လက်ချိုးရေလို့တောင် ရလောက်တဲ့အထိ ဖြစ်သွားပါတယ်။ စိုင်းစိုင်းခမ်းလှိုင်ကတော့ အဲဒီလူနည်းစုထဲက တစ်ယောက်အပါအ၀င် ဖြစ်ပါတယ်။ အကြောင်းပြချက်မျိုးစုံနဲ့ သူ့ကို မကြိုက်တဲ့သူတွေလည်း ရှိနိုင်ပါတယ်။ အတ္ထုပတ္တိစာအုပ် ထုတ်ရလောက်တဲ့အထိ မဟုတ်တောင် သူ့မှာ အောင်မြင်သူတစ်ယောက်အနေနဲ့ အတုယူစရာတွေ ရှိနေတာကိုတော့ ငြင်းမရပါဘူး။ သူနဲ့တွေ့ဖူး ဆုံဖူး စကားပြောဖူးလို့တော့ မဟုတ်ပေမဲ့ သူ့နဲ့ပတ်သက်ပြီး သတိထားမိတာလေးတွေကို ရေးပါရစေ။ ၁။ Vision ရှိခြင်း လူတစ်ယောက်အတွက်ပဲဖြစ်ဖြစ်၊ အဖွဲ့အစည်းတစ်ခုအတွက်ပဲဖြစ်ဖြစ် Vision လို့ခေါ်တဲ့ အနာဂတ်အမြင်ဟာ သိပ်အရေးကြီးပါတယ်။ ကိုယ့်ဘ၀မှာ ကိုယ်ဘာဖြစ်ချင်တယ်၊ ရှေ့အနာဂတ်မှာ ခေတ်က ဘယ်လိုပုံစံပြောင်းလာဖို့ရှိတယ်၊ အဲဒီအတွက် ကိုယ်ဘာတွေပြင်ဆင်ထားရမယ် ဆိုတာ သိထားဖို့လိုပါတယ်။ အနီးစပ်ဆုံး ဥပမာပေးရရင် နောင်တစ်ခေတ်မှာ စားပွဲတိုင်းပေါ် ကွန်ပျူတာတွေ တင်ပြီး အလုပ်လုပ်ကြတဲ့ခေတ် ဖြစ်လာလိမ့်မယ် ဆိုတဲ့ အနာဂတ်အမြင်က ဘီလ်ဂိတ်စ်ကို ကမ္ဘာ့အချမ်းသာဆုံး ဖြစ်လာစေခဲ့ပါတယ်။ စိုင်းစိုင်းခမ်းလှိုင်နာမည်ကြီးစက အင်တာဗျူးတစ်ခုမှာ ဒီလိုဖြေထားပါတယ်။ “အရင်ခေတ်က စိုင်းထီးဆိုင်တို့ ဇော်ဝင်းထွဋ်တို့ နှစ်တွေအများကြီး နာမည်ကြီးခဲ့တယ်၊ ဒီခေတ်မှာတော့ အဲဒီလိုနာမည်ကြီးဖို့ သိပ်မလွယ်တော့ဘူး။ ကျွန်တော် အများကြီး ကြိုးစားမှရမယ်” ပြိုင်ဆိုင်မှုတွေ အရမ်းပြင်းထန်လာမဲ့ခေတ်ကို ကြိုမြင်ပြီး ကြိုပြင်ဆင်ထားတဲ့အတွက် သူဒီလို အောင်မြင်ခဲ့တာလို့ ဆိုရပါမယ်။ ၂။ အပြောင်းအလဲမှာ လိုက်ပါနိုင်ခြင်း ခေတ်က အမြဲပြောင်းနေပါတယ်။ ဒီခေတ်ရဲ့ အပြောင်းအလဲတွေက ပိုဆိုးပါတယ် ပိုမြန်ပါတယ်။ အဲဒီအခါ အပြောင်းအလဲတွေမှာ လိုက်ပါနိုင်စွမ်းက အောင်မြင်ဖို့အတွက် မဖြစ်မနေ အရေးပါလာတယ်။ အသုံးများတဲ့စကားကို ကိုးကားရရင်တော့ Change or be changed ပေါ့။ အပြောင်းအလဲမှာ ကိုယ်တိုင်လိုက်ပါမလား၊ ဒါမှမဟုတ် အပြောင်းအလဲရဲ့သားကောင် အဖြစ်ခံမလား ဆိုတာကို ရွေးကြရမဲ့ အချိန်ပါ။ ဂီတဘက်မှာလည်း အတော်လေး ပြောင်းလဲပါတယ်။ သီချင်းပုံစံတွေ တင်ဆက်မှုတွေ စာသားတွေ တီးလုံးတွေဟာ အရင်နဲ့အတော်လေး ကွဲပြားလာပါတယ်။ ဒီအခါ ပုံစံတစ်မျိုးတည်းပဲ ကိုင်စွဲထားသူတွေ ပြုတ်ကျကုန်ပါတယ်။ အပြောင်းအလဲမှာ လိုက်ပါခြင်းဟာ ဟိုခုန်ဒီခုန် လုပ်တာနဲ့လည်း မတူပါဘူး။ အထူးသဖြင့် ရေရှည်အောင်မြင်လိုသူတွေအနေနဲ့ ပိုပြီးတော့ သတိထားရမဲ့ အပိုင်းဖြစ်ပါတယ်။ ခေတ်ကို မျက်ခြေပြတ်လို့ မဖြစ်ဘူး။ စောင့်ကြည့်နေရတယ်၊ အပြောင်းအလဲတွေမှာ လိုက်ပါနေရတယ်။ တစ်ဖက်ကလည်း အနာဂတ်မှာ ဖြစ်လာနိုင်တဲ့ အခြေအနေတွေကို မှန်းဆပြီး ပြင်ဆင်ထားကြရတယ်။ ဒါမှသာ ရေရှည်အောင်မြင်နိုင်တဲ့ခေတ်ကို ရောက်လာပါပြီ။ စိုင်းစိုင်းခမ်းလှိုင်ကတော့ ရက်ပ်စာသားတွေ တီးလုံးတွေ တင်ဆက်မှုတွေ ဖက်ရှင်တွေ၊ နောက်ပြီး Body structure ကအစ ခေတ်နဲ့အမြဲတမ်း အပြိုင်ဖြစ်နေတာကို တွေ့ရပါတယ်။ ၃။ ကြိုးစားအားထုတ်မှုရှိခြင်း သူနဲ့လည်း မသိဘဲနဲ့ သူကြိုးစားမှန်း ဘယ်လိုသိလဲဆိုရင်တော့ သူ့ရဲ့သီချင်းတွေကတစ်ဆင့် သိတယ်လို့ပဲ ဆိုရမှာ ဖြစ်ပါတယ်။ သူငယ်ချင်းများစွာ နဲ့ ဖေဖော်ဝါရီမှတ်တမ်း ကပ်လျက်ထွက်တဲ့အခွေ၂ခွေမှာတောင် သူရဲ့ ရက်ပ်ဆိုပုံတွေ စာသားတွေ အတော်လေး ကွာသွားတာကို သတိထားမိခဲ့ပါတယ်။ မကြိုးစားဘဲ အောင်မြင်နေတဲ့သူရယ်လို့လည်း လောကမှာ မရှိတော့ ဒီအကြောင်းကို အကျယ်မချဲ့တော့ပါဘူး။ ၄။ ဝေဖန်မှုတွေကို အကောင်းဆုံးတုံ့ပြန်နိုင်ခြင်း စိုင်းစိုင်းခမ်းလှိုင်ရဲ့ သီချင်းတွေဟာ ဟစ်ဟော့ပ်မစစ်ဘူး။ ကော်ပီတွေဆိုတာ များတယ်။ ဒါကြောင့် တကယ့်ဟစ်ဟော့ပ်သမားတွေရဲ့ ဝေဖန်တိုက်ခိုက်ခြင်းကို အတော်လေးခံခဲ့ရတယ်။ နောက်ပြီး မိန်းကလေးပရိသတ်ကလည်း အရမ်းများတော့ ယောကျာ်းလေးတွေက သူ့ကို တော်တော်ကြည့်မရခဲ့ကြဘူး။ ရှိုးပွဲတွေမှာ သူမို့လို့ တက်လာပြီဆို ရေသန့်ဗူးတွေမှ ပလူကိုပျံနေတာပဲ။ ဆဲသံတွေဆိုတာလည်း ကြားလို့တောင် မကောင်းဘူး၊ အတိုင်အဖောက်ညီညီနဲ့ကို ဆဲကြတာ။ ဒါပေမဲ့ သူ့ဘက်ကတော့ ပရိသတ်ကို တစ်ခါမှ ရင့်ရင့်သီးသီး တုံ့ပြန်တာ မတွေ့ရဘူး။ စိတ်မဆိုးဘဲတော့ ဘယ်နေပါ့မလဲ။ သူ့ရဲ့ ထိန်းချုပ်နိုင်စွမ်းနဲ့ ပရော်ဖက်ရှင်နယ်ပီသမှုကို ရှိုးပွဲကြည့်ရင်း ကျွန်တော်သတိထားမိခဲ့တယ်။ ဒီအတွက် တူညီတဲ့တုံ့ပြန်မှုတစ်ခုက နောက်ဆုံး သူ့ဆီရောက်လာခဲ့တယ် ဆိုရပါမယ်။ နောက်ပိုင်း ရှိုးပွဲတွေမှာတော့ ဒီလိုမြင်ကွင်းမျိုးတွေ ဆဲဆိုသံတွေ မတွေ့ရ မကြားရတော့သလောက်ပါပဲ။ သီချင်းတွေကလည်း ဟစ်ဟော့မစစ်လို့ ဆိုပြီး ဘယ်လောက်ဝေဖန်ဝေဖန် သူကတော့ သူ့ပုံစံအတိုင်းပဲ ဆက်သွားတယ်။ နောက်တော့ ဟစ်ဟော့လို့ နာမည်တပ်မရပေမဲ့ စိုင်းစိုင်းပုံစံ ဆိုပြီး ကိုယ်ပိုင်ဟန်တစ်ခု ရလာခဲ့တယ်။ သူကိုယ်တိုင်လည်း အနုပညာသမားပီပီ ဟစ်ဟော့ပ်ဆိုတဲ့ ဘောင်လေးထဲမှာပဲ နေချင်ပုံမရဘူး။ လွတ်လွတ်လပ်လပ် စိတ်ထဲရှိတဲ့အတိုင်း ခံစားချင်၊ ဖန်တီးချင်ပုံရတယ်။ ခုတော့ သူ့ကို ဝေဖန်တိုက်ခိုက်ခဲ့သူတွေ နာမည်တွေကျ ဒီလောကထဲက ထွက်သွားကြရပေမဲ့ သူကတော့ သူ့ကိုယ်ပိုင်ဟန်တစ်ခုနဲ့ ခုချိန်ထိ အောင်မြင်နေဆဲပါပဲ။ လောကဓံတရား(၈)ပါးရှိပါတယ်။ အဲဒီ(၈)ပါးထဲက တစ်သက်လုံး မဆင်းရဲဖူးတဲ့သူ၊ တစ်သက်လုံး မချမ်းသာဖူးတဲ့သူရယ်လို့ ရှိနိုင်ပေမဲ့ တစ်သက်လုံးအကဲ့ရဲ့မခံဖူးတဲ့သူရယ်လို့ လောကမှာ မရှိပါဘူး။ ဒီတစ်ပါးကိုတော့ ဘယ်လိုမှ ရှောင်မရဘူး။ အားလုံး ကဲ့ရဲ့ခံဖူးကြတယ်၊ ဝေဖန်ခံဖူးကြတယ်။ ဒါ လောကသဘာဝပဲ။ ရှောင်လွှဲလို့မရဘူး။ ကြောက်နေလို့မရဘူး။ ကျွန်တော်တို့ လုပ်လို့ရတာက ဒီဝေဖန်မှုတွေ ကဲ့ရဲ့မှုတွေကို ဘယ်လိုပြန်တုံ့ပြန်ကြမလဲ ဆိုတာပါပဲ။ ဘယ်သူဘာပြောပြော ဂရုမစိုက်ဘူးဆိုတာကလည်း အစွန်းရောက်သလို သူများပြောသမျှ အကုန်လက်ခံပြီး စိတ်ဆင်းရဲနေ လိုက်လုပ်နေတာကလည်း အစွန်းတစ်ဖက်ပါပဲ။ ဝေဖန်မှုတွေကို စိတ်အေးအေးထားပြီး နားထောင်၊ ပြီးတော့ ကိုယ့်အတွက် လိုအပ်မယ်ထင်တာတွေကို ပြင်လိုက်၊ ပြောင်းလဲလိုက်ခြင်းဖြင့် ဝေဖန်မှုတွေကို အကောင်းဆုံးတုံ့ပြန်နိုင်ဖို့ လိုပါတယ်။ ၅။ မိတ်ဆွေကောင်းရှိခြင်း မြတ်စွာဘုရားဟောထားတဲ့ ချမ်းသာခြင်းအကြောင်း၎ပါးထဲမှာ မိတ်ဆွေကောင်းရှိခြင်းကလည်း တော်တော်လေး အရေးပါပါတယ်။ စိုင်းစိုင်းခမ်းလှိုင်ရဲ့ အောင်မြင်မှုမှာလည်း အဲဒီအချက်က အရမ်းအရေးပါပါတယ်။ အဆိုတော်တစ်ယောက် ဖြစ်လို့ ငါကြိုးစားရင် ပြီးတာပဲ လုပ်လို့မရပါဘူး။ တီးလုံးတီးပေးမဲ့သူရဲ့ ပံ့ပိုးမှု၊ တွဲဖက်သီဆိုမဲ့သူရဲ့ ပံ့ပိုးမှု၊ နောက်ပြီး အ၀တ်အစားပိုင်း၊ Performance လုပ်ပေးမဲ့သူ၊ နောက် ပွဲစီစဉ်သူတွေ၊ ဒီလူတွေအကုန်လုံးရဲ့ ပံ့ပိုးမှုကိုရမှသာ ရေရှည်အောင်မြင်မှု ရနိုင်တာဖြစ်ပါတယ်။ မျိုးကျော့မြိုင်၊ ငယ်ငယ်၊ ကောင်းမြတ်၊ နန္ဒစိုင်းတို့ကနေ မိုးမိုး၊ သီရိဆွေ၊ ခုနောက်ဆုံး ဘန်နီဖြိုး ကိကိတို့အထိ သူ့သူငယ်ချင်းတွေရဲ့ အားက သူ့အောင်မြင်မှုမှာ တော်တော်လေးအေ၇းပါပါတယ်။ ဒါတောင် ယူရေနီယမ်၊ ဆန်းထွဋ်၊ မောင်မောင်အေး တို့မပါသေးဘူး။ အဲဒီအပြင် ပွဲစီစဉ်သူတွေ၊ စီးပွါးရေးလုပ်ငန်းရှင်တွေနဲ့လည်း ဆက်ဆံရေးကောင်းတစ်ခု တည်ဆောက်ထားနိုင်ပုံ ရတယ်။ လောကမှာ တစ်ယောက်တည်းနေ၊ တစ်ယောက်တည်းကြိုးစားပြီး အောင်မြင်နေတဲ့သူ မရှိပါဘူး။ အထောက်အပံ့ကို ဦးစားပေးစေချင်တာ မဟုတ်ပါဘူး။ ကိုယ်တိုင်ကတော့ ကြိုးစားမှ ရပါတယ်၊ ဒါက နံပါတ်တစ်ဦးစားပေးပါ။ ဒါပေမဲ့ ကိုယ့်ကို အောင်မြင်အောင် ထောက်ပံ့ပေးမဲ့ ပတ်ဝန်းကျင်တစ်ခုကလည်း မဖြစ်မနေ လိုအပ်ပါတယ်။ အောင်မြင်လိုသူတိုင်း အဲဒီ ပံ့ပိုးပေးမဲ့ပတ်ဝန်းကျင်တစ်ခုကို မဖြစ်မနေ ရှာဖွေထားဖို့ တည်ဆောက်ထားဖို့ လိုပါမယ်။ ၆။ စီးပွါးရေးအမြင် ရှိခြင်း ကြိုက်တဲ့အခပေးရုပ်သံလိုင်းတစ်ခုကို ဖွင့်လိုက်ပါ၊ ပြေတီဦး နေတိုး လူမင်း မင်းမော်ကွန်း စသဖြင့် နာမည်ကျော်မင်းသားတွေရဲ့ ဇာတ်ကားတွေအများကြီး လွှင့်နေတာကို တွေ့ရပါမယ်၊ ဒါပေမဲ့ စိုင်းစိုင်းခမ်းလှိုင်ရဲ့ ဇာတ်ကားတွေ ကြည့်ရဖို့တော့ မလွယ်ပါဘူး။ ဒီလိုပဲ၊ အဆိုတော်ကြီးငယ်တွေရဲ့ ရှိုးပွဲတွေကို တီဗွီကနေ တိုက်ရိုက် Live ကြည့်လို့ရပါတယ်၊ ကိုယ်တိုင်လက်မှတ်ဝယ် ကွင်းထဲအရောက် သွားကြည့်စရာ မလိုတော့ပါဘူး။ ဒါပေမဲ့ စိုင်းစိုင်းShow ကို တိုက်ရိုက်ကြည့်ချင်တယ်၊ အစအဆုံး ခံစားချင်တယ်ဆိုရင်တော့ လက်မှတ်မ၀ယ်ဘဲ နေလို့မရပါဘူး။ တီဗွီကနေတော့ ကြည့်လို့ရကောင်းရမယ်၊ ဒါပေမဲ့ Live မဟုတ်ဘူး၊ ပြီးတော့ အစအဆုံးလည်း မဟုတ်ဘူး။ ရှိုးပွဲပြီးသွားမှ ပြန်လွှင့်တာ၊ အဲ့လိုလွှင့်မယ်ဆိုတာကိုလည်း ရှိုးပွဲမတိုင်ခင် ကြိုပြီးပြောမထားဘူး၊ အဲဒီတော့ ရှိုးပွဲမှာ ပရိသတ်က အပြည့်အလျှံပဲ။ ရုပ်သံတွေကြောင့် ပရိသတ်တွေ အမြင်ရိုးပြီး အခွေမငှားကြတော့ ဇာတ်ကားအရောင်းကျတယ်လို့ တခြားမင်းသားတွေ တခြားထုတ်လုပ်ရေးတွေက ညည်းနေကြပေမဲ့ စိုင်းစိုင်းခမ်းလှိုင် အပြုံးမပျက်ပါဘူး။ တခြားအဆိုတော်တွေလို ရုပ်သံလိုင်းကို ထုတ်လွှင့်ခွင့်ပေးလိုက်လို့ ရှိုးကို ပရိသတ်အလာနည်းသွားတာမျိုးလည်း စိုင်းစိုင်းခမ်းလှိုင် မကြုံရပါဘူး။ ရုပ်သံက လွှင့်လိုက်ခြင်းဟာ ခိုးကူးသမားတွေကို ကူးပြီးဖြန့်ခိုင်းလိုက်တာနဲ့အတူတူပါပဲ။ ကိုယ်တိုင်က အခွေမထုတ်ရသေးဘူး၊ ခိုးကူးက အရင်ပြန့်နှင့်နေတာမျိုးကိုလည်း ရှောင်ရှားပြီးသား ဖြစ်သွားပါတယ်။ ဒါဟာ စိုင်းစိုင်းခမ်းလှိုင်ရဲ့ သူများနဲ့မတူ တမူကွဲပြားနေတဲ့ ပုံစံတစ်ခုပဲ ဖြစ်ပါတယ်။ Business minded ဖြစ်တယ် ဆိုရပါမယ်။ နိုင်ငံတကာက ဘောလုံးသမားတွေပဲကြည့်ကြည့် အဆိုတော်တွေပဲကြည့်ကြည့် အချမ်းသာဆုံးစာရင်းကို ကြည့်လိုက်ရင် ကိုယ့်ပရော်ဖက်ရှင်နယ် အလုပ်တစ်ခုတည်းကိုပဲ ဇောက်ချလုပ်နေတဲ့သူတွေ အရမ်းရှားပါတယ်။ ကိုယ့်ပရော်ဖက်ရှင်နယ်အလုပ်အပြင် စီးပွါးရေးလုပ်ငန်းတွေ တည်ထောင်ထားတာ၊ ဒါမှမဟုတ် ရင်းနှီးမြှပ်နှံထားတာကို တွေ့ရပါမယ်။ စိုင်းစိုင်းခမ်းလှိုင်ဟာလည်း ဒီလိုပါပဲ။ တေးထုတ်လုပ်ရေးတစ်ခုဖြစ်တဲ့ Frenzo production ကို သူထောင်ထားတယ်။ အဲဒီကနေ သူ့အခွေတွေ၊ မိုးမိုးရဲ့အခွေတွေ ထုတ်လုပ်ခဲ့တယ်။ နောက်ပြီး အကယ်ဒမီတွေအများကြီးဆွတ်ခူးခဲ့တဲ့ အာဒမ် ဧ၀ ဒသ ဇာတ်ကားရဲ့ ထုတ်လုပ်သူ Heart n’ Soul မှာလည်း သူရှယ်ယာပါထားတယ်။ စီးပွါးရေးပညာရှင်တစ်ဦးက ပြောဖူးပါတယ်။ လူငယ်တွေ ဘာလို့အလုပ်လက်မဲ့ ဖြစ်နေကြလဲဆိုရင် အလုပ်ရှာနေကြလို့ အလုပ်လက်မဲ့ဖြစ်ကြတာပါ တဲ့၊ အလုပ်ပေးနိုင်တဲ့သူဖြစ်အောင်သာ ကြိုးစားရင် ဘယ်တော့မှ အလုပ်လက်မဲ့ မဖြစ်ဘူး တဲ့။ ဟုတ်ပါတယ်၊ စိုင်းစိုင်းခမ်းလှိုင်ကတော့ ဘယ်တော့မှ အလုပ်လက်မဲ့ မဖြစ်ပါဘူး။ ကိုယ်တိုင်က အလုပ်ရှင်ဖြစ်နေတဲ့အတွက် ကိုယ်ယုံကြည်ရာကို လုပ်လို့ရတယ်၊ ဘယ်သူ့မျက်နှာမှ ကြည့်နေစရာ မလိုဘူး။ လွတ်လပ်တယ်၊ အနှောင်အဖွဲ့ကင်းတယ်၊ ဘယ်သူ့ဆန်မှ စားမနေတဲ့အတွက် ကိုယ့်အတွက်ကလွဲပြီး ဘယ်သူ့အတွက်မှလည်း ရဲနေစရာမလိုဘူး။ အဆိုတော်တစ်ယောက်အနေနဲ့ နာမည်မရှိတော့ရင်တောင် စီးပွါးရေးလုပ်ငန်းတွေကတော့ သူ့အတွက် ဆက်ရှိနေဦးမှာဖြစ်ပါတယ်။ စီးပွါးရေးနယ်ပယ်မှာ စွန့်ဦးတီထွင် ဆိုတဲ့စကားလုံးက အတော်ခေတ်စားတယ်။ စီးပွါးရေးလုပ်မယ်ဆို စွန့်စားရဲရပါမယ်။ မိုက်ရူးရဲ လုပ်ရမယ် ဆိုလိုတာမဟုတ်ပါဘူး၊ အခြေအနေအရပ်ရပ်ကို သုံးသပ်ပြီး စွန့်စားမှုကို လုပ်ရမယ်၊ လောကမှာ မစွန့်ဘဲ ဘာမှစားလို့မရဘူး။ များများစွန့်ရင် များများစားရမယ်၊ နည်းနည်းစွန့်ရင် နည်းနည်းပဲ စားရမယ်။ ဒီစာကို ရေးနေတဲ့ ကျွန်တော်အပါအ၀င် မြန်မာတော်တော်များများက မစွန့်စားရဲဘူး။ ငွေကြေးမပြောနဲ့ အလုပ်တစ်ခုနဲ့တစ်ခု ပြောင်းဖို့တောင် အတော်တွေဝေလေ့ရှိကြတယ်။ မကြိုးစားချင်တာကို လောဘမရှိတာနဲ့ မှားနေကြပြီး ရသမျှနဲ့ တင်းတိမ်နေတတ်ကြတယ်။ ဒီတော့ ၀န်ထမ်းဘ၀နဲ့ပဲ အဆုံးသတ်ကြရတယ်။ စီးပွါးရေးလုပ်ချင်တယ်၊ အောင်မြင်ချင်တယ်ဆိုရင်တော့ မစွန့်စားလို့မရဘူး။ နောက်တစ်ချက်က ဦးစီးဦးဆောင်ပြုနိုင်ရတယ်။ အဲဒီအတွက် လိုအပ်တာကတော့ ကိုယ်လုပ်မဲ့လုပ်ငန်းမှာ ကိုယ်က ကျွမ်းကျင်နှံ့စပ်နေဖို့ လိုတယ်။ ဒါမှ ဦးစီးဦးဆောင်ပြုနိုင်မှာပါ။ မဟုတ်ရင်တော့ သူများပတ်သမျှ ခံရပါမယ်။ ဆရာဝန်တစ်ယောက်က ဆရာဝန်အလုပ်အပြင် စီးပွါးရေးပါ တွဲလုပ်မယ်ဆိုပါတော့။ ရုပ်ရှင်ထုတ်လုပ်ရေးသွားထောင်တာထက် ဆေးခန်းတစ်ခု ဓါတ်ခွဲခန်းတစ်ခုဆို ပိုပြီးထိထိရောက်ရောက် ဦးစီးနိုင်တာပေါ့၊ သူကျွမ်းကျင်တာကိုး။ စွန့်ဦးတီထွင်မှာ နောက်ဆုံးတစ်ချက်ကတော့ တီထွင်နိုင်ရပါမယ်။ ရခိုင်မုန့်တီ ရောင်းတာချင်းအတူတူ မင်းလမ်းမုန့်တီက သူများတွေလမ်းဘေးထိုင်ရောင်းနေရချိန်မှာ ဆိုင်ခန်းအဆင့်ဆိုတာကို ကျော်လို့ တကယ့်ကို Mega star ဖြစ်နေပြီ။ ဘာလို့လဲ၊ ရိုးရိုးမရောင်းဘဲ ပင်လယ်စာမျိုးစုံနဲ့တွဲဖက်၊ တကယ့်ပင်လယ်ကမ်းခြေရောက်နေသလို ခံစားရအောင် တီထွင်ပြီးရောင်းတာကိုး။ ။ သူ့ကို ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ၊ စိုင်းစိုင်းခမ်းလှိုင်ဟာ သာမန် အဆိုတော်တစ်ယောက် ဆိုတာထက် ပိုတာတော့ အမှန်ပါပဲ။ ဒီအချက်တွေဟာ အဝေးကလှမ်းကြည့်ပြီး ရေးထားတာဖြစ်လို့ လိုနေတာရှိရင်ရှိမယ်၊ ပိုနေတာရှိရင်ရှိမယ်။ ဒါပေမဲ့ စိုင်းစိုင်းခမ်းလှိုင် ဆိုတဲ့ Brand ကို တန်ဖိုးမြင့် Brand တစ်ခု ဖြစ်လာစေခဲ့တဲ့ အရာတွေဆိုတော့ကာ ကိုယ်ရဲ့ ကိုယ်ပိုင်Brand ကိုလည်း တန်ဖိုးမြင့်လာစေချင်သူတွေအတွက် တစုံတရာ အကျိုးရှိမယ်ထင်ပါတယ်။

Credit to :Phio Thiha
Copy and WIN : http://bit.ly/copy_win

Tuesday, 13 January 2015

ပျော်ရွှင်ခြင်း ဘယ်ဆီမှာ...?

 အိုသွေးနဲ့ အေသွေးအမျိုးစား လူနှစ်ဦးရဲ့မီတာ(၅ဝဝဝ)အပြေးပြိုင်ပွဲမှာ
    ပညာရှင်တချို့က စစ်တမ်းကောက်ယူခဲ့ကြတယ်။ စစ်တမ်းအရ လမ်းတစ်ဝက်မှာ အိုသွေးသမားက
    “ကောင်းလိုက်တာ.. မီတာ(၃ဝဝဝ)တောင် ငါပြေးခဲ့ပြီ” လို့ ပြောတယ်။ အေသွေးသမားက
    “ဟင်း.. မီတာ(၂ဝဝဝ)တောင် လိုသေးတယ်” လို့ ပြောခဲ့တယ်။

    တကယ်တော့ အကောင်းဖက်ကို တွေးတောခြင်း (Positive thinking) ကို တဖြေးဖြေး
    မွေးမြူလို့ရနိုင်ပါတယ်။

    ကလေးတွေနဲ့ ညစာစားတိုင်း ကျွန်မဟာသတွေ အမြဲပြောလေ့ရှိတယ်။
    မိသားစုထမင်းဝိုင်းလေး စိုစိုပြေပြေဖြစ်လာတဲ့အပြင် ထမင်းစားမြိုင်ခဲ့ကြပြီး
    ကလေးတွေ ခန္ဓာဖွံ့ဖြိုးဖို့အတွက် အထောက်အကူပြုခဲ့တယ်။ ထမင်းဟင်းတွေ
    မတော်တဆမှောက်ခဲ့ရင်လည်း သူတို့ကို ကျွန်မ မဆူခဲ့ဘူး။ ဘယ်လိုကိုင်တွယ်ရင်
    မမှောက်နိုင်ဘူး၊ မှောက်ခဲ့ရင်လည်း ဘယ်လို သိမ်းကျူံးရမယ်ဆိုတာကိုပဲ
    ကျွန်မသင်ခဲ့တယ်။ ဒါမှ နောင်တစ်ချိန် သူတို့ဘာသာ လုပ်တတ်သွားလိမ့်မယ်။

    တစ်ခါက ကလေးတွေ ထမင်းစားနေတုန်း ကျွန်မဟင်းရည်တစ်ခွက် သယ်လာတယ်။
    ကံမကောင်းချင်တော့ ဟင်းရည်က စားပွဲပေါ်မှာ မှောက်သွားခဲ့တယ်။ (ကျွန်မက
    ဘာလုပ်လုပ် အသေးစိတ် ဂရုစိုက်တတ်တဲ့သူပါ)

    “ဟာ.. ဒီနေ့တော်တော် ထူးဆန်းတာပဲ။ မေမေ ဟင်းရည်တွေ မှောက်ချမိပြီ။
    ထီသွားထိုးဦးမယ်” လို့ ကလေးတွေကို ကျွန်မပြောတော့ သူတို့လေးတွေရယ်ကြပြီး
    ကျွန်မကို ကူသိမ်းပေးကြတယ်။

    “အာဟာရ စွပ်ပြုပ်” ဆိုတဲ့ စာအုပ်တစ်အုပ်မှာ ကျွန်မဖတ်မိတဲ့ ပုံပြင်တစ်ပုဒ်က
    ဒီလိုဆိုထားပါတယ်။ မိခင်တစ်ဦးဟာ အလုပ်မှာ စိတ်မကျေနပ်မှုတွေနဲ့ ကြုံခဲ့ရတယ်။
    အိမ်ပြန်ရောက်တော့ သားကလည်း ကျောင်းမှာ မကျေနပ်မှုတွေနဲ့ ကြုံခဲ့ရတယ်။ အဲဒီမှာ
    မိခင်က “သား လာကွာ.. စိတ်မကျေနပ်မှုတွေကို ဂုဏ်ပြုတဲ့အနေနဲ့ မေမေတို့ McDonalds
    သွားစားကြရအောင်” လို့ ပြောလိုက်တယ်။

    ဒီလိုအမေမျိုးက ပြုစုပျိုးထောင်လိုက်တဲ့ ကလေးတစ်ယောက်ဟာ
    အမြဲတမ်းအကောင်းဘက်ကိုပဲ တွေးမြင်နေမယ်လို့ ကျွန်မထင်တယ်။

    ခွဲစိတ်ခန်း မကြာခဏဝင်ရတဲ့ကျွန်မ အိမ်ပြန်ရောက်တော့ လူနာသတင်းမေးဖို့
    ရောက်လာကြတဲ့ မိတ်ဆွေတွေကို “ငါမသေနိုင်သေးပါဘူးကွာ.. လူ့ပြည်က အိမ်စာတွေ
    ငါမပြီးသေးလို့ ဘုရားသခင်က ကောင်းကင်ဘုံပေါ် ငါ့ကိုပေးမတက်သေးဘူး” လို့
    သူတို့ကို ကျွန်မစနောက်ခဲ့တယ်။

    မနှစ်က နောက်တစ်ကြိမ် ထပ်ခွဲစိတ်ခံပြီးနောက် ကျွန်မရဲ့လှုပ်ရှားမှုတစ်ချို့
    ဆုံးရှုံးကုန်တယ်။ ကျွန်မအတွက် စိတ်မကောင်းကြတဲ့ မိတ်ဆွေတချို့ကို “ဒီလို
    မကြာခဏအဖျားနာတဲ့ အတွေ့အကြုံက လူတွေကို ဘယ်လိုကူညီရမယ်၊ ဘယ်လို ကရုဏာထားရမယ်၊
    ဘယ်လို ကိုယ်ချင်းစာရမယ်ဆိုတာကို ငါပိုနားလည်ခဲ့တယ်” လို့ နှစ်သိမ့်ခဲ့တယ်။

    “ဘာဖြစ်လို့ မိုးရွာရတာလဲ”လို့ မကျေမနပ်ဖြစ်နေတဲ့ ကလေးတစ်ယောက်ကို “မိုးရွာမှ
    သစ်ပင်တွေ ရေအခမဲ့ချိုးရမယ်။ ပြီးတော့ ငါတို့လည်း သိပ်မပူတော့ဘူး။ မပူတော့
    ပန်ကာဖွင့်စရာမလိုဘူး။ မီတာခ သက်သာတာပေါ့” လို့ ကျွန်မပြောပြလိုက်တယ်။
    နောက်ပိုင်း အဲဒီကလေးဆီကနေ မိုးရွာတာကို မကျေနပ်တဲ့အသံ မကြားရတော့ဘူး။
    ဟာသဥာဏ်ရွှင်တဲ့ လူတစ်ယောက်က ကိုယ့်ကိုယ်ကို အမြဲပျော်ရွှင်အောင် နေတတ်သလို
    ကိုယ့်ဘေးက လူတွေကိုလည်း ပျော်ရွှင်အောင် ထားနိုင်တယ်။ မိတ်ဆွေသူငယ်ချင်းလည်း
    ပေါများနိုင်တယ်။ ဘာကြောင့် ကျွန်မတို့ မပျော်ရွှင်မှာလဲ?

    နိုးစက်သံကြားရင် စောင်ကို ခေါင်းမြီးခြုံပြီး စိတ်အနှောင့်ယှက်ဖြစ်တတ်ပေမယ့်
    ကျွန်မမှာ ကြားနိုင်စွမ်းရှိသေးတဲ့အတွက် ဘုရားသခင်ကို ကျေးဇူးတင်မိတယ်။
    ဒီလောကမှာ မကြားနိုင်တဲ့လူတွေ အများကြီး ရှိနေလို့ပါပဲ။

    မျက်စိမှိတ်ပြီး မနက်ခင်းမှာ ရောက်လာတဲ့ နေရောင်ခြည်ကို မုန်းမိပေမယ့်
    ကျွန်မမှာ မြင်နိုင်စွမ်းရှိသေးတဲ့အတွက် ဘုရားသခင်ကို ကျေးဇူးတင်မိတယ်။
    ဒီလောကမှာ မျက်မမြင်တွေ အများကြီးရှိနေလို့ပါပဲ။

    ကုတင်ပေါ်က ထရမှာ ပျင်းရိနေပေမယ့် ကျွန်မမှာ ခွန်အားနဲ့
    ထရပ်နိုင်စွမ်းရှိသေးတဲ့အတွက် ဘုရားသခင်ကို ကျေးဇူးတင်မိတယ်။ ဒီလောကမှာ
    မလှုပ်မရှားနိုင်ဘဲ ကုတင်ပေါ်မှာပဲ ဘဝဆုံးသွားရတဲ့လူတွေ အများကြီး ရှိနေလို့ပါပဲ။

    နေ့တစ်နေ့စတာနဲ့ စိတ်ညစ်စရာတွေက တွဲပြီးလိုက်ပါလာတယ်။ ဟိုပစ္စည်းရှာမတွေ့ဘူး၊
    ဟင်းအိုးဝေကျလို့ ညစ်ပတ်ကုန်ပြီ၊ ဟိုကလေးက ဒါယူမယ်၊ ဒီကလေးက ဒါစားမယ်နဲ့
    မနက်ခင်းတစ်ခုက ဆူညံပွက်လောရိုက်နေပေမယ့် ကျွန်မမှာ အိမ်တစ်အိမ်ရှိသေးတဲ့အတွက်
    ဘုရားသခင်ကို ကျေးဇူးတင်မိတယ်။ ဒီလောကမှာ အိုးမဲ့အိမ်မဲ့တွေ
    အများကြီးရှိနေလို့ပါပဲ။

    စားပွဲဝိုင်းပေါ်က စားသောက်စရာတွေ မဂ္ဂဇင်းတွေထဲကလောက် အဆင်းမလှပေမယ့်
    ကျွန်မတို့မှာ စားဖို့အစာတွေ ရှိသေးတဲ့အတွက် ဘုရားသခင်ကို ကျေးဇူးတင်မိတယ်။
    ဒီလောကမှာ ငတ်မွတ်နေတဲ့လူတွေ အများကြီးရှိနေလို့ပါပဲ။

    ဒီအလုပ်ကိုပဲ အထပ်ထပ်အခါခါ လုပ်နေရလို့ ပျင်းရိငြီးငွေ့မိပေမယ့် အလုပ်လုပ်ဖို့
    ကျွန်မအခွင့်အရေးရခဲ့တဲ့အတွက် ဘုရားသခင်ကို ကျေးဇူးတင်မိတယ်။ ဒီလောကမှာ
    အလုပ်လက်မဲ့တွေ အများကြီးရှိနေလို့ပါပဲ။

    ဘဝကုသိုလ်ကံက ဆိုးလိုက်တာလို့ မကြာခဏ ကျွန်မရေရွတ်တတ်ပေမယ့်
    အသက်ရှင်ခွင့်ရနေသေးတဲ့အတွက် ဘုရားသခင်ကို ကျေးဇူးတင်မိတယ်။

    ကျွန်မနဲ့အလုပ်အတူတူ၊ လခအတူတူ မိတ်ဆွေတစ်ဦးက “ဘာကြောင့် လူတွေ
    ပိုပျော်ရွှင်ရတာလဲ? ဘာကြောင့်သူတို့မှာ အားသစ်အမြဲရှိနေသလဲ?
    တန်းတူမိသားစုတစ်စုမှာ ဘာကြောင့် သူတို့လင်မယားက တစ်ယောက်ကိုတစ်ယောက်
    ပိုချစ်ကြသလဲ? ဘာကြောင့် မိဘနဲ့သားသမီး အပေးအယူမျှနေကြသလဲ? ဘာကြောင့်
    သူတို့ကလေးရဲ့အပြုံးတွေက ငါတို့ကလေးထက် ပိုကြည်လင်နေရသလဲ?
    ပျော်ရွှင်မှုကိန်းနှုန်းဟာ ဘာကြောင့် ဒီလောက်ခြားနားနေရသလဲ? လို့ မေးခဲ့တယ်။

    အမေရိကား နာမည်ကြီး စာရေးဆရာ Dale Carnegie ရဲ့ စိုးရိမ်ပူပန်မှုနဲ့ ဖိအားကို
    ဘယ်လိုဖြေရှင်းမလဲဆိုတဲ့ အချက်(၃ဝ)ချက်ထဲမှာ အချက်တစ်ချက်က
    “ကိုယ့်ရဲ့ပျော်ရွှင်ခြင်း၊ ကံကောင်းခြင်းကို တွက်ချက်ကြည့်ပါ” တဲ့။ ကျွန်မတို့က
    ကိုယ်ရဲ့ကံကောင်းခြင်းအစား ကံမကောင်းတာကိုပဲ
    တွက်ချက်ခဲ့ကြတယ်။*စိတ်ပျက်အားငယ်မှုကို ခံရတဲ့အခါ၊ အခက်အခဲတွေနဲ့
    ကြုံရတဲ့အခါ ထရပ်ကြည့်ပါ။
    အဲဒီအခက်အခဲထဲကနေ ကံကောင်းတဲ့ အခွင့်အရေးတချို့ကို ကျွန်မတို့
    မြင်ကောင်းမြင်ပါလိမ့်မယ်။*

    နိုင်းနိုင်းစနေ (Thursday, April 24, 2008)

Wednesday, 7 January 2015

အခွင့်အရေးတစ်ခုတိုင်းက အနာဂတ်အတွက် ကြိုတင်ပြင်ဆင်ခြင်းပါ


သာမန်မြင်းတွေထက် ခရီးဝေးသွားနိုင်ပြီး အပြေးသန်တဲ့မြင်းတစ်ကောင်ဟာ
သူနဲ့ထိုက်တန်တဲ့သခင်ကို စောင့်မျှော်နေခဲ့တယ်။
တစ်နေ့မှာ အခွင့်အရေးရောက်လာခဲ့ပါပြီ....
ကုန်သည်တစ်ဦးရောက်လာပြီး မြင်းကို "ငါနဲ့ လိုက်ခဲ့နိုင်မလား"လို့ မေးတယ်။
မြင်းကခေါင်းခါပြီး "ငါက မြင်းကောင်းမြင်းသန့်တစ်ကောင်ပါ.. ဘာဖြစ်လို့ ကုန်သည်တစ်ယောက်အတွက် ဝန်တွေသယ်ပိုးပေးရမလဲ"လို့ဆိုပါတယ်။
စစ်သည်တစ်ဦးရောက်လာပြီး မြင်းကို "ငါနဲ့ လိုက်ခဲ့နိုင်မလား"လို့ မေးပြန်တယ်။
မြင်းကခေါင်းခါပြီး "ငါက တစ်ရက်ကို မိုင်များစွာပြေးနိုင်တဲ့မြင်းပါ။ သာမန်စစ်သားတစ်ယောက်အတွက် ငါဘာလို့အကျိုးပြုရမလဲ"လို့ဆိုတယ်။
မုဆိုးတစ်ဦးရောက်လာပြီး "ငါနဲ့ လိုက်ခဲ့နိုင်မလား"လို့ မြင်းကိုမေးပြန်တယ်။
မြင်းကခေါင်းခါပြီး "မြင်းကောင်းမြင်းသန့်ကွ.. မုဆိုးတစ်ယောက်ကို အလုပ်အကျွေးပြုပါ့မလား"လို့ဆိုတယ်။
ဒီလိုနဲ့ တစ်နေ့ပြီးတစ်နေ့၊ တစ်နှစ်ပြီးတစ်နှစ် ကုန်ဆုံးသွားခဲ့တယ်။ မြင်းက သူ့စိတ်ကူးထဲကသခင်ကို ရှာမတွေ့ခဲ့သေးဘူး။
တစ်ရက်မှာ မှူးမတ်တစ်ဦးက ဘုရင့်အမိန့်နဲ့ အပြေးသန်တဲ့မြင်းကို လိုက်လံရှာဖွေခဲ့တယ်။
ဒါကိုမြင်းကကြားတော့ မှူးမတ်နားသွားပြီး သူဟာ ဘုရင်ရှာနေတဲ့ အပြေးသန်တဲ့ မြင်းကောင်းမြင်းသန့်ဖြစ်ကြောင်း ပြောပါတယ်။
မှူးမတ်ကမေးတယ် "ငါတို့တိုင်းပြည်ရဲ့လမ်းကြောင်းတွေကို မင်းသိသလား"
မြင်း ခေါင်းခါတယ်။
မှူးမတ်ထပ်မေးတယ် "မင်း စစ်မြေပြင်ရောက်ဖူးသလား၊ တိုက်ပွဲအတွေ့အကြုံရှိသလား"
မြင်း ခေါင်းခါတယ်။
မှူးမတ်ထပ်မေးပါတယ် "ဒါဆို မင်းကိုယူပြီး ငါဘာလုပ်ရမလဲ"
မြင်းက "ကျွန်တော် တစ်ရက်ကို မိုင်ထောင်ပေါင်းများစွာ ပြေးနိုင်တယ်၊ နေ့နေ့ညည မနားတမ်း ပြေးနိုင်တယ်"
"ဒါဆို ပြေးကြည့်စမ်းပါ" မှူးမတ်ကတောင်းဆိုတော့ မြင်းက အားယူပြီးပြေးပါတယ်။
ဒါပေမယ့် ဘယ်လောက်ဝေးဝေးမှ မပြေးလိုက်ရပါဘူး.. သူ အမောဆို့တော့တယ်။
"မင်း အိုပြီ... မဖြစ်ဘူး"လို့ မှူးမတ်ကပြောပြောဆိုဆို အဝေးကိုထွက်သွားခဲ့တယ်။

Monday, 5 January 2015

ဒေါသကိုဘယ်လိုပယ် မလဲ ?

ဒေါသကို ဘယ်လိုပယ်မလဲ ဒေါသကို ဘယ်လိုပယ်မလဲ? ဒီမေးခွန်းရဲ့ အဖြေကို စာရေးသူ ကိုယ်တိုင်လည်း သိပ်သိချင်နေတာပါ။ ဘာဖြစ်လို့လဲဆိုတော့ တစ်ခါတစ်လေ ဒေါသ ဖြစ်မိတဲ့အခါ ရင်ထဲက "ဒုတ်. ဒုတ်" “ဒုတ်. ဒုတ်"နဲ့ အိပ်မပျော်တော့ပါဘူး။ ဒေါသဖြစ်တာထက် အိပ်မပျော်တာက ပိုတောင် စိတ်ဆင်းရဲရပါတယ်။ အဲဒီ အိပ်မပျော် တာ တစ်ချက်နဲ့တင် ဒေါသမဖြစ်ချင် တာပါ။ မဖြစ်ချင်ပေမယ့် ဖြစ်နေရတုန်းပါ။ အနာဂါမ် မဖြစ် သရွေ့တော့ ဖြစ်နေရဦးမှာပါ။ ဒါကြောင့် ဒေါသကို ဘယ်လို ပယ်ရမလဲ ဆိုတာကို သိပ်သိချင်တာပါ။ မဟာစည်ဆရာတော်ဘုရားကြီးက ဒေါသနဲ့ ပတ်သက်လို့ ၀မ္မိကသုတ်တရားတော်မှာ မျက်မှောက်ခေတ် တကယ့်ဖြစ်စဉ် ဇာတ်လမ်းလေးတစ်ပုဒ်ကို ထည့်ဟောထားဖူးပါတယ်။ ဟောစဉ်တရားတော်က ဒီလိုပါ။ “တစ်ခါက.. သုဓမ္မ၀တီပုံနှိပ်တိုက်က တိုက်အုပ် ဦးပန်းမောင်ဆိုတဲ့ ဒကာကြီးက မှတ်ဖွယ် ၀တ္ထုကလေး တစ်ခုကို ပြောပါတယ်။ ဦးပန်းမောင်ဆိုတာ ဒကာလူ ကြားကောင်း ကြားဖူးပါ လိမ့် မယ်။ အဲဒီ ဦးပန်းမောင်က ရေဒီယိုထဲက နေပြီးတော့ "မဖြစ်စလောက်တရားတော်" ဟောမယ်ဆိုလို့ "ဘာများ ဟောမှာ ပါလိမ့်မတုန်း"လို့ ဘုန်းကြီးက နားထောင်နေတယ်။ သူ ပြောပုံက မဖြစ်စလောက်ကလေးနဲ့လည်း ဒုက္ခဖြစ်တတ်တယ်၊ မဖြစ်စလောက်ကလေးပဲ ဆို ပြီးတော့ မရိုမသေ မလုပ်လိုက်ပါနဲ့တဲ့။ ဒကာလူရော အဲဒီတုန်းက မကြားလိုက်ဘူးလား၊ မကြားဖူးတဲ့သူတွေကပဲ များပါလိမ့်မယ်။ မဖြစ်စလောက် တရားတော်တဲ့၊ သူ့  ဥစ္စာကောင်း တယ်၊ အမည်ပေးပုံကလေးကိုက သိပ်ကောင်းနေတယ်။ ဖြစ်ပုံကလည်း ဆန်းတယ်၊ ဘယ်လို လဲဆိုတော့ တစ်ခါက အင်မတန် ရင်းရင်းနှီးနှီး အတူနေကြတဲ့ ဦးပဉ္စင်း နှစ်ပါး ရှိပါသတဲ့ ။ တစ်ပါးက ရေချိုးနေတယ်။ အဲဒီလို ရေချိုးနေတုန်း သူ့ဖိနပ်ကို တစ်ပါးက ကျီစယ်လိုတဲ့အနေနဲ့ ၀ှက်ထားတယ်။ ဟိုရေချိုးနေတဲ့ ဦးပဉ္စင်းက ရေးချိုးပြီးတဲ့အခါ ဖိနပ် စီးမယ်လို့ ကြည့်လိုက် တော့ သူဖိနပ် ကို မတွေ့ရဘူး။ မတွေ့ရတော့ အဲဒီ ဦးပဉ္စင်းကလည်း သူ့ဖိနပ်ဝှက်ထားမှန်းသိလို့ ရယ်စရာအနေနဲ့ သူက ပြောတယ်။ ပေါ့ပေါ့ဆဆ ပြောလိုက်တာပါပဲ။ " ဟေ့… ငါ့ဖိနပ်ကို ဘယ်ခွေးချီသွားမှန်း မသိဘူး" လို့ ပြောလိုက်သတဲ့။ ဒီတော့ ဖိနပ် ၀ှက်ထားတဲ့ ဦးပဉ္စင်းက စိတ်နာလိုက်တာ မပြောပါနဲ့တော့။ " ငါ့ကို ခွေးဖြစ်အောင် ဆိုတယ်"လို့ အတွေးခေါင်ပြီးတော့ စိတ်နာလိုက်တာတဲ့။ ဟို ဖိနပ်ရှင် ဥိးပဉ္စင်းကတော့ စေတနာ မပါပါဘူး၊ ခပ်ပေါ့ပေါ့ ပြောလိုက်တာပါပဲ၊ စိတ်နာလောက်အောင်လို့ ပြောလိုက်တာ မဟုတ်ပါဘူး။ သူ့ဖိနပ် ပျောက်သွားတော့ ဒီလိုပြောရမှာပဲ။ ဖိနပ် ခွေးချီတယ်လို့ ပြောတာဟာ ပြောရိုး ပြောစဉ်ပဲ။ အပြောခံရတဲ့ ဦးပဉ္စင်းကတော့"ငါ့ ကိုခွေးဖြစ်အောင် ပြောရမလား"ဆိုပြီး စိတ်ဆိုးတာနဲ့ အုတ်ခဲကြီးနဲ့ ဖိနပ်ရှင် ဦးပဉ္စင်းရဲ့ ခေါင်းကိုထုလိုက်တာ ပျံလွန်တော်မူရှာသတဲ့။ အောင်မယ် ပြောတာကတော့ သူ့ ဥစ္စာ မဖြစ်စလောက်ပဲ။ ဒါပေမဲ့ ပြောတဲ့ ဦးပဉ္စင်းမှာ ပျံလွန်တော်မူရတယ်။ အုတ်ခဲနဲ့ ထုတဲ့ ပုဂ္ဂိုလ်လည်း ရာဇ၀တ်ပြစ်မှုကြီး ဖြစ်ရတယ်"။ (၀မ္မိကသုတ်တရားတော် - နှာ -၁၃၉၊ ၁၄၀၊ ၁၄၁။) စာရေးသူတို့ မမီလိုက်တဲ့ တရားတစ်ပုဒ်ကို ဆရာတော်ဘုရားကြီး ပြန်ဟောပြလို့ သိခွင့် ရတာပါ။ ဇာတ်လမ်းလေးက စာကတစ်ဆင့် ဖတ်ရရုံနဲ့တင် ကြက်သီးထစရာပါ။ စိတ်သဘော မွန်မြတ်မှု လေးတွေကတော့ အတိုင်းအတာတစ်ခုအထိ ရှိနေမှာပါ။ ဒါပေမယ့် ဖြစ်လာတဲ့ဒေါသကို မထိန်းလိုက်နိုင်တဲ့ အတွက် ကာယကံမြောက် ကျူးလွန် မိသားဖြစ်သွားရတာပါ။ ဒါမျိုးလေးတွေက လူလောကမှလည်း အများကြီးပါပဲ။ ဒေါသအလျောက် ရာဇ၀တ်သင့်နေတဲ့ ထောင်ထဲက သူတွေကို လော့လာကြည့်ရင် ပင်ကိုယ် ဓာတ်ခံအားဖြင့် စိတ်ထားလေးတွေက ကောင်းကြပါတယ်။ ဒါပေမယ့် ဖျက်ခနဲ ဖြစ်လိုက်တဲ့ ဒေါသကို ဖျက်ခနဲ မထိန်းလိုက်နိုင်တဲ့အတွက် ဖျတ်ခနဲ ပြုမိသွားကြတာပါ။ သတိဝင်တဲ့အခါမှာ အားလုံးကျူးလွန် ပြီးသား ဖြစ်နေပါပြီ။ ဒီလို ကျူးလွန်မိလိုက်တာကို "ငါ ပြုမိလိုက်တာမှ ဟုတ်မှ ဟုတ်ပ့ါမလား" ဆိုပြီး ကိုယ့်ကိုယ်ကိုတောင် မယုံပါဘူး။ ဒါပေမယ့် အရာအားလုံးက နောက်ကျ သွားခဲ့ပါပြီ။ နောက်ဆုံးတော့ လောကပြစ် ဓမ္မပြစ်တွေကို နင့်နင့်ကြီးခံစားသွား ရတော့တာပါ။ တကယ်လို့ ဒေါသမဖြစ်ဘဲ မနေနိုင်လို့ ဖြစ်မယ်ဆိုရင်လည်း မနောကံအဆင့် လောက် မှာပဲ ဖြစ်နေပြိး ၀စီကံ ၊ ကာယကံကို ကောင်းကောင်း စောင့်ထိန်း ထားလိုက်နိုင် ရင် အခုလို အဖြစ်ဆိုးကြီးနဲ့ ကြုံရမှာ မဟုတ်ပါဘူး။ အနာဂါမ်မဖြစ်သရွေ့ တော့ ဒေါသက ရှိနေဥိးမှာပါ။ ဒါပေမယ့် ဖြစ်ဦးတော့ မနောကံ အဆင့်မှာပဲ ထိန်းထားလိုက်နိုင်အောင် ကြိုးစားရပါမယ်။ မနောကံ အဆင့် မှာပဲ ဖြစ်နေတာ ဆိုတော့ သူတစ်ပါး မသိပါဘူး။ ဒီတော့ ကိုယ့်ကိုလည်း သူတစ်ပါးက အထင်မသေးတော့ ပါဘူး။ တကယ်လို့ ပက်ကနဲ ပြန်ပြောမိလိုက်ရင် ကိုယ် ဒေါသ ထွက်တာ လူသိသွားပါပြီ ၊ ဒါဆို ကိုယ့်ကိုလည်း အထင်သေးသွားပါပြီ။ ဦးဇင်လေးနှစ်ပါးရဲ့  ဖြစ်စဉ်ကို အားလုံးကြားဖူးတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်နဲ့ နှိုင်း ယှဉ် ကြည့် ရအောင်ပါ။ တစ်ခါတုန်းက ရဟန်းတစ်ပါးဟာ ကျောင်းဆောက်ဖို့ သစ်ပင် ခုတ်ပါတယ်။ အဲဒီ သစ်ပင်မှာ သားငယ်တစ်ဥိးနဲ့ နေနေတဲ့ နတ်သမီးက သူနေနေတဲ့ ဗိမာန်ကို မဖျက်ဆီးဖို့ တောင်းပန်ပါတယ်။ ဒါပေမယ့် မရပါဘူး။ ရဟန်းက စိတ်လက်မာန်ပါနဲ့ ခုတ်ချလိုက်တာ နတ်သမီးရဲ့  သားငယ်လေးလက်ကို ထိခိုက်သွားပါတယ်။ ဒီတော့ နတ်သမီးက ဒေါသအကြီး အကျယ် ထွက်ပြီး ရဟန်းကို သတ်ပစ်မလို့ ကြံလိုက်ပါတယ်။ ဒါပေမယ့် ဖြစ်နေတဲ့ ဒေါသကို ထိန်းသိမ်းပြီး မြတ်စွာဘုရားရှင်ကို အကျိုးအကြောင်း သွားလျှောက်ပြပါတယ်။ ဒီတော့ မြတ်စွာဘုရားက "ချစ်သမီး..ကိုယ့်ရဲ့ ဒေါသကို သိမ်းဆည်းနိုင်ခဲ့တာ သိပ် ကောင်းတာပဲ။ တကယ်လို့ ချစ်သမီးက အဲဒီအရဟန်းရဲ့ အသက်ကို အန္တရယ်ပြုလိုက်ရင် ချစ်သမီးအတွက် အကုသိုလ်တွေ တိုးပွားသွားလိမ့်မယ်"လို့ အားပေးနှစ်သိမ့်စကား ပြောလိုက် ပါတယ်။ ပြီးတော့ မြတ်စွာဘုရားရှင် ကျောင်းအနီးမှာရှိတဲ့ သစ်ပင်တစ်ပင်မှာ နေဖို့ ပေးလိုက် ပါတယ်။ အုတ်ခဲနဲ့ ထုတဲ့ ရဟန်းငယ်လေးကော၊ နတ်သမီးလေးကော ဒေါသတော့ ဖြစ်လိုက်ကြတာပါပဲ။ ဒါပေမဲ့ ရဟန်းငယ်လေးက ကာယကံနဲ့ ၀စီကံကို မထိန်းလိုက်နိုင်ပါဘူး။ နတ်သမီးလေးက ကာယကံ နဲ့ ၀စီကံကို ထိန်းလိုက်နိုင်ပါတယ်။ ဒေါသ ဖြစ်တာချင်းအတူတူ ကာယကံနဲ့ ၀စီကံကို ထိန်း နိုင်ခြင်းနဲ့ မထိန်းနိုင်ဖြင်း ကွာသွားပါတယ်။ ဖြစ်စဉ်လေးက စက္ကန့်ပိုင်း ၊ မိနစ်ပိုင်း အတွင်းလေးပါ။ ကိုယ်က ဒီစက္ကန့်ပိုင်း၊ မိနစ်ပိုင်း အတွင်းလေးကို ကောင်းကောင်း ထိန်းလိုက်နိုင်ဖို့ပါ။ မထိန်းလိုက်နိုင်ရင် ကြီးမားတဲ့ အပြစ်ဆိုးကျိုးကြီးကို ရလိုက်တော့တာပါ။ ဒီနေရာမှာ နည်းယူဖို့ကောင်းတာက နတ်သမိးလေးရဲ့ အပြုအမူပါ။ နတ်သမီးလေးက ဖြစ်လာတဲ့ ဒေါသကို ထိန်းပြီး အားကိုးလေးစားရာ မြတ်စွာဘုရားကို သွားလျှောက်တာပါ။ သွား လျှောက်တော့ အမှားမဖြစ်တော့ပါဘူ။ ကိုယ်က ဒါလေးကို နည်းယူပြီး ဒေါသဖြစ်လာတဲ့ အခါ ကိုယ်လေးစားရတဲ့ တရားအသိ အတော်အတန်ရှိတဲ့ ဆရာသမား၊ မိဘ မိတ်ကောင်းဆွေကောင်း တစ်ဥိးဥိးဆီ ပြောပြလိုက်ဖို့ ပါ။ ဆရာမိတ်ဆွေတွေရဲ့ တရားစကားလေး တစ်ခွန်းလောက် ကြားလိုက်ရရင် ဖြစ်နေတဲ့ ဒေါသ က ပြေသွားတာများပါတယ်။ ဒါလည်း နည်းယူရမယ့် ဒေါသဖြေနည်းတစ်ခုပါ။ ဒေါသ ဖြစ်လာတဲ့အခါ ကိုယ်တိုင် မဆုံးဖြတ်ဘဲ ကိုယ့်ထက်အသိဉာဏ် အတွေ့အကြုံရှိတဲ့သူကို တိုင် ပင်ပြီးမှ လုပ်တာက အကောင်းဆုံးပါ။ ဒေါသဖြစ်နေတုန်း ကိုယ့်သဘောနဲ့ ကိုယ် ဆုံးဖြတ်ရင် မှား တာများပါတယ်။ ဒီတော့ ဒေါသဖြစ်လာပြိဆိုရင် ကိုယ်လေးစားရသူ တစ်ဥိးဦးကို ရင်ဖွင့် ပြောပြလိုက်ပါ။ ရင်ဖွင့်လိုက်ရင် စိတ်က ပေါ့သွားတာ များပါတယ်။ တစ်ခု သတိထားရမှာက ကိုယ်တိုင်ပင် နည်းခံတဲ့သူက တရားအသိ အားနည်းပြီး "ကိုယ့်ကို ဒီလို စောကားတာ ငြိမ်ခံမနေနဲ့၊ ပြန်သာ ဆော်ပစ်လိုက်ပါလား၊ ငါဘာကူညိရမလဲ" ဆိုပြီ မြှောက်ပေးတဲ့သူ မဖြစ်ဖို့တော့ လိုပါတယ်။ အဲဒီလို တရားအသိအားနည်းတဲ့ သူမျိုးများ သွားတိုင်ပင်မိရင် ကိုယ်က မကျူးလွန်ချင်ဥိးတော့ သူကြောင့် ကျူးလွန်ချင် စိတ်တောင် ဖြစ်သွား ဦးမှာပါ။ လူ သုံးမျိုးတွေ့ရပါတယ်။ ဒေါသမဖြစ်အောင်နေတဲ့သူရယ်၊ ဒေါသဖြစ်ပေမယ့် ကိုယ့်ဖြစ်တဲ့ ဒေါသကို သိပြီး ရတဲ့နည်းတစ်ခုခုနဲ့ ပယ်ပစ်တဲ့သူရယ်၊ ဒေါသဖြစ်ပေမယ့် ကိုယ် ဒေါသ ဖြစ်နေမှန်း မသိဘဲ ဆက်ကာ ဆက်ကာ ဖြစ်နေတဲ့သူ ရယ်ပါ။ တစ်ချို့ က ဒေါသမဖြစ်အောင်ကို နေတာပါ။ သူ့ကို ကြည့်လိုက်ရင် ပြုံးပြုံးပြုံးပြုံး နဲ့ပါ။ မျက်နှာ ကလည်း ကြည်လင် နေတာပါ။ ဒေါသမဖြစ်တော့ စိတ်က ကြည်နေ၊ စိတ်ကြည်နေတော့ ရုပ် ကပါ လိုက် ကြည်လင်နေတာပါ။ တစ်ချို့ ကျတော့ အလိုမရှိတဲ့ အာရုံ တစ်ခုခုကို တွေ့ပြီး ဒေါသတော့ ဖြစ် လိုက် တာ ပါပဲ။ ဒါပေမယ့် ကိုယ်ဒေါသဖြစ်နေမှန်းကို ချက်ချင်းသိလိုက်ပါတယ်။ သိတာနဲ့ ပယ်လို့ရ တဲ့ နည်း တစ် ခုခုနဲ့ ပယ်ပယ်ပစ်တာပါ။ ဒေါသဖြစ်ပေမယ့် ဖြစ်တဲ့ ဒေါသက အကြာကြီး တည် မနေ တော့ပါဘူး။ တချို့ ကျတော့ ကိုယ်ဒေါသဖြစ်ပေမယ့် ဖြစ်မှန်းကို မသိတော့တာပါ။ ဒါကြောင့် ဒေါသကို ဆက်ကာ ဆက်ကာ ဖြစ်နေတော့တာပါ။ မနေနိုင်တော့တဲ့ အဆုံး မပြောသင့်တဲ့စကားတွေ ပြောချလိုက်မိရော။ မလုပ်သင့်တာတွေ လုပ်ချလိုက်မိရော၊ နောက်ဆုံးတော့ ကြီးမားတဲ့ လောကပြစ်၊ ဓမ္မပြစ်ကြီးတွေပါ ကျူးလွန်မိသူ ဖြစ်သွားတော့တာပါ။ ဒီအခြေနေမျိုး ရောက် သွား ရင် သိပ်ကြောက်ဖို့ ကောင်းတာပါ။ ကိုယ်က ပါရမီအားနည်းသေးလို့ ပထမ အမျိုးအစားမှာ မပါသေးရင်တောင် ဒုတိယ အမျိုးအစားတော့ ပါအောင် ကြိုးစားရမှာပါ။ ဒေါသဖြစ်လာပြီဆိုရင် ကိုယ်ဒေါသဖြစ်နေတာကို သိလိုက်ဖို့ပါ။ ကိုယ်ရှေ့မှာရှိတဲ့ ခွက် ကလေးကို ထိုင်ကြည့်နေသလို ဖြစ်နေတဲ့ ဒေါသလေးကို စိတ်ကလေးနဲ့ ထိုင်ကြည့်နေဖို့ပါ။ တတ်နိုင်သရွေ့ ဒေါသရဲ့ သဘောလေးကို မိနိုင်သမျှ မိအောင် ကြည့်နေလိုက်ဖို့ပါ။ ဒေါသလေးက ဘယ်လိုလေးလဲ။ ဘယ်လိုလေးဖြစ်နေတာလဲဆိုပြီး ဒေါသရဲ့ သဘော လေးကို သိနေလိုက်ဖို့ပါပဲ။ ဒီတော့ ဒေါသဖြစ်ဖြစ်လာပြီဆိုရင် နှုတ်က လည်း ပြောလိုက်ပါဦး။"ကိုင်း… ဒေါသရေ ကြိုက်သလောက် ဖြစ်စမ်း၊ ငါကတော့ မင်းကို စိုက်ကြည့်နေမှာပဲ" လို့ပြောပြီး ဒေါသကို သေချာသာစိုက်ကြည့်နေလိုက်ပါ။ မျက်စိနဲ့ကြည့်ရမှာတော့ မဟုတ်ပါဘူး။ စိတ်နဲ့ ကြည့်နေ ရမှာပါ။ ရှေ့မှာချထားတဲ့ ကော်ဖီခွက်ကလေးကို သေချာစိုက်ကြည့်နေရင် ခွက်ကလေးရဲ့ သဘောလေးကို သိရသလို ဖြစ်နေတဲ့ ဒေါသလေးက ဘယ်လိုလေးလဲ၊ ဘယ်လိုသဘော လေး ဖြစ်နေတာလဲ ဆိုတာ သိအောင် ကြည့်ရမှာပါ။ သိစ ကြည့်စမှာတော့ ဒေါသကလေးက ပျောက်ဦးမှာ မဟုတ်သေးပါဘူး။ သိပါ၊ သိပါ၊ ကြည့်ပါ ကြည့်ပါ များလာရင် ဒေါသလေးက လျော့လျော့သွားတာ များပါတယ်။ လိုရင်းကတော့ ဒေါသဖြစ်လာရင် ဒေါသကို ပြန်ကြည့်နေလိုက်ဖို့ပါ။ အဲဒီလို ဒေါသဖြစ်တာလေးကို သိလိုက် တာဟာ အဆင့်မြင့် ၀ိပဿနာနဲ့ ပယ်လိုက် တာပါပဲ။ မဟာသတိပဋ္ဌာန်သုတ်မှာ ဒေါသဖြစ်ရင် ဖြစ်တယ်လို့ သိလိုက်ပါတဲ့ ။ မြတ်စွာဘုရားက ရိုးရိုးလေးပဲ ပြထားတာပါ။ ကျင့်စမှာတော့ ခက်နေမှာပါ။ ကျင့်ပါများသွားရင် အလေ့အကျင့်ဖြစ်ပြီး လွယ်သွားလိမ့် မယ်။ မခက်လှတဲ့ ကျင့်စဉ်လေးကို လက်တွေ့ကျင့်သုံးကြည့်သင့်ပါတယ်။ ကျင့်နေတဲ့ အချိန် မှာ တစ်ဖက်ကလည်း "ငါ မြတ်စွာဘုရားကို အကျင့်နဲ့ ပူဇော်နေတယ်၊ ငါ မြတ်စွာဘုရား ကို အကျင့်နဲ့ ပူဇော်နေတယ်"လို့ နှလုံးသွင်းနေလိုက်ပါ။ မြတ်စွာဘုရားကို အကျင့်နဲ့ ပူဇော် နေတာဆိုတော့ မြတ်စွာဘုရားရဲ့ မျက်နှာတော်လေးကို မြင်ယောင်ပြီး မြတ်စွာ ဘုရားကို အားနာသွားပြီး ဒေါသကို ဆက်ပြီး မဖြစ်ရက်တော့ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ကိုယ်က မြတ်စွာဘုရားကို အနှို်င်းမဲ့ ကြည်ညိုထားရလို့ပါ။ "ဒေါသ ဖြစ်လိုက်တာနဲ့ သိလိုက်ပြီး မြတ်စွာဘုရားကို အကျင့်နဲ့ ပူဇော်လိုက်လိုက်"၊ "ဒေါသဖြစ်လိုက်တာနဲ့ သိလိုက်ပြိး မြတ်စွာဘုရားကို အကျင့်နဲံပူဇော်လိုက်လိုက်"နဲ့ ကြာလာတော့ ဒုတိယ အမျိုးအစားထဲမှာ ပါသွားပါလိမ့်မယ်။ ဆက်လက်ပြီး ကျင့်သွားမယ်ဆိုရင်တော့ ပထမ အမျိုးအစားထဲမှာတောင် ပါသွားတော့မှာပါ။ အဲဒီလိုမှ မပျောက်ရင်" ငါ ဒေါသဖြစ်နေတယ်၊ ငါ ဒေါသဖြစ်နေတယ်"လို့ ထပ်ကာ ထပ်ကာ ဆိုနေလိုက်ပါ။ တကယ်လို့ ဒေါသက အင်အားသိပ်ကောင်းနေရင်လည်း "ငါ ဒေါသဖြစ်နေတယ်၊ ငါ ဒေါသ ဖြစ်နေတယ်"လို့ အသံကို မြှင့်ပြီး ခပ်ကျယ်ကျယ်လေးသာ အော်ဆိုနေလိုက်ပါ။ ကိုယ်အော်နေတဲ့အခါ အနားမှာ လူမရှိဖို့ တော့ လိုပါတယ်။ လူကင်းတဲ့ တစ်နေရာကို သွားအော်ပါ။ ရွတ်ဆိုရင်းနဲ့ အသိဉာဏ် ၀င်လာတဲ့အခါ ဒေါသက လျော့သွားတာ များပါတယ်။ အဓိက ကတော့ ဒေါသကို ပယ်ချင်တဲ့ စိတ်ရှိဖို့ ပါပဲ။ ပုထုဇဉ်အလျှောက် ဒေါသကို မပယ်နိုင်သေးလို့ ဒေါသဖြစ်နေရသေးပေမယ့် ကိုယ်က ဒေါသကို ပယ်ချင်စိတ်ရှိဖို့ပါပဲ။ ပယ် ချင်စိတ်ကို အခြေခံပြီး ရွတ်နေရင် လျော့လျော့သွားတာ များပါတယ်။ နောက်တစ်ခု သတိ ထားရမှာက ဒေါသဖြစ်နေတဲ့ အချိန်မှာ ကိုယ်ဒေါသ ဖြစ်ရ သူနဲ့ ဘာစကားမှ မပြောမိအောင်ရယ်၊ ဘာမှ မလုပ်မိအောင်ရယ် အထူးသတိထားရပါမယ်။ ဒေါသထွက်နေတုန်း ပြောလိုက် ပြုလိုက်ရင် မှားသွားတာများလို့ပါ။ စာထဲမှာ ဘာဖြစ်လို့ ဒေါသဖြစ်ရသလဲလိုတော့ အနိဋ္ဌာရုံနဲ့ အယောနိသောမနသိကာရ ကြောင့်ပါတဲ့။ အနိဋ္ဌာရုံဆိုတာ ကိုယ်မနှစ်သက်တဲ့ အာရုံ၊ ကိုယ်အလိုမရှိအပ်တဲ့ အာရုံပါ။ ကိုယ်မနှစ်သက်တဲ့အဆင်း အသံ အနံ့ အရသာ အတွေ့အထိ ကိုယ်မနှစ်သက်တဲ့ အစား အစာ၊ ကိုယ်မနှစ်သက်တဲ့ ပစ္စည်း၊ ကိုယ်မနှစ်သက် တဲ့လူ စသည် စသည်တွေကြောင့် ဒေါသဖြစ်ရပါတယ်။ နောက်တစ်ခုက အယောနိသောမနသိကာရ = နှစ်လုံးသွင်းမှားမှုကြောင့်လည်း ဖြစ်ရ ပါတယ်။ ကိုယ်မနှစ်သက်တဲ့ အနိဋ္ဌာရုံကြောင့်လည်း ဒေါသဖြစ်ရတာဆိုတော့ အနိဋ္ဌာရုံတွေကို မမြင်အောင် မကြားအောင် ကြိုရှောင်ထားလိုက်ရင်လည်း ဒေါသကို ကြိုတားပြီးသား ဖြစ်နေပါတယ်။ စာမှာတော့ ဒေါသဖြစ်ရခြင်းရဲ့ အကြောင်းရင်းဖြစ်တဲ့ အနိဋ္ဌာရုံနဲ့ အယောနိသော မနသိ ကာရ ကြောင့်လို့ ဆိုပေမယ့် အယောနိသောမနသိကာရ အဓိကကျပါတယ်တဲ့။ ဘာဖြစ်လို့လဲ ဆိုတော့ ကိုယ်မနှစ်သက်တဲ့ အနိဋ္ဌာရုံနဲ့ တွေ့ဦးတော့ ယောနသောမနသိကာရနဲ့  နှလုံးသွင်း လိုက်ရင် ဒေါသ မဖြစ်တော့ပါဘူးတဲ့။ ဒေါသကို ပယ်ချင်တဲ့သူက ဒီစာမှတ်ချက်ကလေးကို သေချာအာရုံပြုထားရမှာပါ။ ကြုံလာတဲ့ အာရုံတိုင်းကို ယောနိသော မနသိကာရနဲ့ နှလုံးသွင်းထားလိုက်ရင် ဒေါသဖြစ်နိုင် စရာ မရှိတော့ပါဘူး။ စာထဲမှာ ထပ်ပြထားတာကတော့ အနိဋ္ဌာရုံကို တားလို့မရပါဘူးတဲ့။ ဟုတ်လည်း ဟုတ် ပါတယ်။ ပတ်ဝန်းကျင်နဲ့ နေရတာဆိုတော့ ကိုယ်မနှစ်သက်တဲ့ အနိဋ္ဌာရုံကတော့ အရှေ့ အနောက် တောင် မြောက် ၀ဲ ယာကနေ ပေါ်ချင်သလို ပေါ်ပေါ်နေမှာပါ။ ဘယ်လိုမှ တားလို့ ရမှာ မဟုတ်ပါဘူး။ ဒါတွေကိုထောက်ပြီး ဒေါသမဖြစ်ချင်တဲ့သူဟာ ယောနသောမနသိကာရကို လက်ကိုင်ထားရမှာပါ။ ဒီတော့ ကိုယ်မနှစ်သက်တဲ့ အာရုံကို ယောနိသော မနသိကာရနဲ့ နှလုံးသွင်းတဲ့ အလေ့လေး ကို ထပ်ကာ ထပ်ကာ လေ့ကျင့်ထုံနိုင်ရပါမယ်။ လေ့ကျင့်စမှာတော့ ရချင်မှ ရမှာပါ။ လေ့ကျင့်ပါ များလာရင်တော့ အတိုင်းအတာ တစ်ခုအထိတော့ ရင့်ကျက် သွား တော့မှာပါ။ ဒါကြောင့် ကိုယ်မနှစ်သက်တဲ့ အနိဋ္ဌာရုံတွေ့လိုက်တာနဲ့ "ငါ ယောနိသောမနသိကာရနဲ့ နေမယ်" "ငါ ယောနိသောမနသိကာရနဲ့ နေမယ်" လို့ ငါးခါ ခြောက်ခါလောက် ဆင်ခြင်ပစ် လိုက်ပါ။ ဆင်ခြင်မှုကို လျှော့မတွက်ပါနဲ့။ ဆင်ခြင်ပါများရင် အဲဒီဆင်ခြင်မှုကပဲ ယောနိသော မနသိကာရ ဖြစ်ဖို့ အတွက် ကူညီသွားပါလိမ့်မယ်။ ဇာတ်ဝတ္ထုတွေ ထဲမှာ ဆင်ခြင်ရင်းနဲ့ သံဝေဂကိုပဲ အခြေခံပြီး ၀ိပဿနာ ဆက်ကူးသွားတာ၊ တရားထူး၊ တရားမြတ် ရသွားတဲ့ သာဓကတွေ အများရယ်ပါ။ ဆင်ခြင်မှုက တရားထူး၊ တရားမြတ် ရဖို့အထိတောင် အထောက်အပံ့ ဖြစ်တာပါ။ ဒီတော့ ရတာ မရတာထား၊ ဆင်ခြင် စရာရှိတာ တင်းတင်းသာ ဆင်ခြင်နေလိုက်ပါ။ ဆင်ခြင်မှုရဲ့ အကျိုးကိုတော့ ခံစား ရပါလိမ့်မယ်။ ဒေါသ ပယ်နည်းတွေကတော့ စာထဲမှာ အများကြီးပါပဲ။ ဒီတော့ ဆင်ခြင် နှလုံးသွင်းပြီး ပယ်တာရယ်၊ ၀ိပဿနာနဲ့ ပယ်တာရယ်ပဲ ရေးပြလိုက်ပါတယ်။ ကဲ… စာဖတ်သူ၊ ဒေါသဖြစ်လာတဲ့အခါ "ကဲ… ဒေါသ ၊ မင်းကြိုက်သလောက် ဖြစ်စမ်း၊ ငါကတော့ မင်းကို သေချာထိုင်ကြည့်နေမှာပဲ" ဆိုပြီး ဖြစ်လာတဲ့ ဒေါသကလေးကို စိုက်ကြည့် နေလိုက်ပါ။ ကြည့်ပါ ကြည့်ပါများလာရင် တစ်နေ့သောအခါမှာ ဒေါသနည်းသူ တစ်ယောက် ဖြစ်သွားပါလိမ့်မယ်။ ရဝေနွယ်(အင်းမ) ရုပ်ရှင်တေးကဗျာမဂ္ဂဇင်း ဇူလိုင်၊ ၂၀၀၈ ကျမ်းကိုး ၁။ ဒေါသကထာ (မောင်းထောင်ဆရာတော် ဘုရားကြီး) ၂။ ဗုဒ္ဓအဘိဓမ္မာ စေတသိက်များအဖွင့် (လောဘ၊ ဒေါသ၊ မောဟ) သာသနာရေး ဦးစီးဌာန။

ဒေါသ၏ သဘော (၁)...


ဒေါသ သည် ရုပ်နှင့် နာမ် ရှိနေသော သာမန်လူ မည်သူမဆိုတွင် ကိန်းအောင်းနေပေသည်။ အချို့လူများသည် အမျက်ထွက် စိတ်ဆိုးမှ ဒေါသ ဖြစ်သည်ဟု ထင်နေတတ်ကြသည်။ အမှန်တော့
စိတ်ဆိုး၊ စိတ်ပျက်၊ စိတ်ကောက်၊ စိတ်ညစ်၊ စိတ်ရှုပ်၊ စိတ်လေး၊ စိတ်နောက်၊ စိတ်နာ၊ စိတ်ပေါက်၊ စိတ်မော၊ စိတ်အိုက်၊ စိတ်ခု၊ စိတ်ဆတ်၊ စိတ်တို၊ စိတ်ကွက်၊ စိတ်မချမ်းသာ၊ စိတ်ဆင်းရဲ၊ စိတ်ပူပန်၊ စိတ်အားငယ်၊ စိတ်တိုင်းမကျ၊ စိတ်အလိုမကျ၊ စိတ်မကောင်း၊ စိတ်မှတ်ကြီး၊ စိတ်လိုက်မာန်ပါ၊ စိတ်သောက၊ စိတ်ပင်ပန်း၊ စိတ်မအီသာ၊ စိတ်နှလုံးမသာယာ၊ စိတ်ငြိုငြင်၊ စိတ်စနိုးစနောက်၊ ၀မ်းနည်း၊ ပူဆွေး၊ ငိုကြွေး၊ ရန်ငြိုးထား၊ အာဃာတထား၊ သ၀န်တို၊ သ၀န်ကြောင်၊ မနာလို၊ တွန့်တို၊ စေးနှဲ...
အစရှိသော စိတ်ပိုင်းဆိုင်ရာ အမူအယာများသည် ဒေါသအရင်းခံ၍ ဖြစ်နေကြရသော ပြဿနာများ ဖြစ်ကြသည်။ စကားလုံး အသုံးအနှုန်း မတူသော်လည်း ၄င်းတို့ အားလုံးသည် ဒေါသများပင် ဖြစ်ကြသည်။
ဒေါသ၏ အဓိပ္ပာယ်ကို စိတ်ဆိုးခြင်း၊ အမျက်ထွက်ခြင်း ဟုပင် ရိုးရှင်းစွာ ဘာသာ ပြန်နိုင်သည်။ ဒေါသထွက်သော ပုဂ္ဂိုလ်များသည် ကိုယ်အမူအယာ၊ နှုတ်အမူအယာများ ကြမ်းတမ်း လာသည်။ ပြောင်းလဲကုန်သည်။ ဒေါသတွင် ကြမ်းထမ်းသော သဘော လက္ခဏာများ ရှိနေသည်။ ဒေါသ ထွက်နေသူတွင် မျက်နှာ နီရဲနေပြီး နှလုံးခုံနှုန်း ပိုမြန်နေသည်။ မျက်နှာနီရဲနေရခြင်းမှာ နှလုံးသွေးများ ဆူပွက်နေပြီး သွေးလှည့်ပတ်နှုန်းများ သာမာန်ထက် မြန်နေသောကြောင့် ဖြစ်သည်။ ထိုကြောင့် ဦးနှောက်ထဲရှိ သေးငယ်သော သွေးကြောများကို ပြတ်တောက်သွားစေပြီး ရုတ်တရက် သေဆုံးမှုကို ဖြစ်စေနိုင်သည်။ လူပင်မဆိုထားနှင့် မနောပဒေါသိက နတ်များပင်လျှင် ဒေါသထွက်လျှင် ဘ၀ ပြတ်ကြွေ၍ စုတေကြရသည်။
ဒေါသ၏ အကျိုးဆက် အနေဖြင့် ပထမဦးစွာ မိမိကိုယ်ကို ပျက်စီးစေခြင်းပင် ဖြစ်သည်။ ထိုတွင် မကသေးပေ။ သူတစ်ပါးကိုပင်လျှင် ဒုက္ခ ပေးတတ်သေးသည်။ ဥပမာ အိမ်တစ်အိမ်တွင် ဖခင် ဖြစ်သူသည် ဒေါသထွက်နေလျှင် ကျန်သည့် မိသားစုဝင်များ အားလုံး စိတ်ဆင်းရဲရသည်။ မိခင် ဖြစ်သူက ဒေါသထွက်နေလျှင်လည်း ထို့အတူပင် ဖြစ်သည်။ မိသားစုတွင် မည်သူပင် ဖြစ်ပါစေ တစ်ယောက်ယောက် ဒေါသထွက်နေလျှင် ကျန်သည့် မိသားစုဝင်များ အားလုံး စိတ်ဆင်းရဲ ရသည်ချည်းပင်။ ထိုကြောင့် ဒေါသသည် မိမိအတွက်ပင် သာမက တစ်ပါးသူများ အတွက် လည်းပဲ ကူးစက်ရောဂါ ကဲ့သို့ စိတ်ဒုက္ခ ကို ရောက်အောင် ဖန်တီးတတ်ပေသည်။
မြတ်စွာဘုရား ဟောကြားထားသော အဘိဓမ္မာတွင်လည်း အကုသိုလ် စေတသိက် (၁၄) ပါး တို့တွင် ဒေါသ အုပ်စု အသင်းဝင် စေတသိက် (၄) ပါး ရှိသည်။ ၄င်းတို့မှာ ဒေါသ၊ ဣဿာ၊ မစ္ဆရိယ၊ ကုက္ကစ္စ တို့ပင် ဖြစ်သည်။ အဘိဓမ္မာနည်းအရ ဒေါသအုပ်စုသည် လောဘ အုပ်စုနှင့် မည်သည့်အခါမျှ အတူ ဖြစ်ရိုး ထုံးစံ မရှိပေ။ ဒေါသ သည် ခက်ထန်ကြမ်းထမ်းခြင်း သဘော၊ ဣဿာ သည် သူတစ်ပါး၏ စည်းစိမ်ချမ်းသာကို ငြူစူခြင်း၊ မနာလိုခြင်း သဘော၊ မစ္ဆရိယ သည် မိမိ၏ စည်းစိမ်ချမ်းသာကို လျှို့ဝှက်ခြင်း၊ ၀န်တိုခြင်း၊ နှမြောခြင်း သဘော၊ ကုက္ကုစ္စ သည် ပြုခဲ့မိသော ဒုစရိုက်၊ မပြုခဲ့မိသော သုစရိုက်တို့ကို နောင်တ တစ်ဖန် ပူပန်ခြင်း သဘော အစရှိသည့် သဘောတို့သည်လည်း ဒေါသ များပင် ဖြစ်ကြသည်။
ဝိပဿနာ တရားများကို ပွားများအားထုတ်နေကြသော ယောဂီများတွင်လည်း တရားမှတ်နေစဉ်တွင် ဖြစ်ပေါ်လာသော ဝေဒနာကို မသည်းခံနိုင်ခြင်း သည်လည်း ဒေါသပင် ဖြစ်သည်။ လူတစ်ဦးတွင် ရောဂါဘယ တစ်ခုခု ဖိစီး နှိပ်စက်လာသောကြောင့် နာကျင်သည့် ဝေဒနာကို မခံနိုင်ဘဲ ညီးညူ အော်ဟစ် နေခြင်းသည်လည်း ဒေါသ စိတ်ပင် ဖြစ်သည်။ ဒေါသစိတ်ဖြင့် သေလျှင် ငရဲသို့ သွားရပေမည်။
ဒေါသ၏ သဘောသည် ဖျက်စီးတတ်သည့် သဘောရှိသည်။ မိမိကိုယ်တိုင်ကိုလည်း ဖျက်ဆီးလိုက်သလို သူတစ်ပါးကိုလည်း ဖျက်ဆီးတတ်ပေသည်။ ပထမဦးစွာ မိမိမှ စ၍ ဒေါသဖြစ်လျှင် မိမိကိုယ်ကို ဒေါသ အကုသိုလ်ဖြင့် စတင် ဖျက်ဆီးပေတော့သည်။ ထိုနောက်တွင် သူတစ်ပါးကိုလည်း ဖျက်ဆီးလေတော့သည်။
ဒေါသ အလွန်ကြီးလွန်းလျှင် သူတစ်ပါး ပျက်စီးအောင် ကာယကံဖြင့် ကျူးလွန်ပေသည်။ သူတစ်ပါးကို နာကျင်အောင် လုပ်တတ်ပြီး သူ့အသက်ကို သတ်ခြင်းအထိပင် ကာယကံမြောက် ကျူးလွန်တော့သည်။ ဒေါသ အတော်အတန် ကြီးလျှင် ၀စီကံဖြင့် ကျူးလွန်တတ်သည်။ နှုတ်မှ ရုန့်ရင်းကြမ်းတမ်းသော စကားများကို ပြောဆိုမိသည်။ ဒေါသ အလွန်နည်းလျှင်ကား စိတ်ထဲတွင်တော့ ဒေါသ ထွတ်တတ်သေးသည်။ သို့သော် အပြင်ကိုတော့ ပြူထွက်ခြင်း မရှိတော့ပေ။ အရာရာတိုင်းကို အပြုသဘော၊ အကောင်းမြင်ဖြင့် မကြည့်တတ်သူများသည် ဒေါသပိုကြီး တတ်ကြသည်။
ကမ္ဘာပေါ်တွင် စစ်ပွဲများ ဖြစ်ပွားနေကြသည်မှာ ဒေါသကြောင့်သာ ဖြစ်သည်။ ထို ဒေါသကြောင့်ပင် ကမ္ဘာ့သမိုင်း တစ်လျှောက် စစ်ပွဲများ၌ သေဆုံးခဲ့ကြရသော လူများကို ရေတွက်၍ မရနိုင်ပေ။ ထိုစစ်ပွဲများကို ဘာသာခြားများမှ ယုံကြည်ကြသော ထာဝရ ဖန်ဆင်းရှင် ဘုရားသခင်က ဖန်ဆင်းလိုက်သည် မဟုတ်။ လူများတွင် ရှိနေသော ဒေါသက ဖန်ဆင်းလိုက်ခြင်းပင် ဖြစ်သည်။ စစ်ပွဲကို ဖန်ဆင်းရှင်သည် ဒေါသပင် ဖြစ်သည်။
ဒေါသ အုပ်စုတွင် ပါဝင်သော ဣဿာ၏ အဓိပ္ပာယ်သည် မနာလိုမှုပင် ဖြစ်သည်။ ဣဿာသည် သူတစ်ပါး ကြီးပွားချမ်းသာ နေသည်ကို သက်သက် မနာလို ဖြစ်နေခြင်းသာ ဖြစ်သည်။ သူတစ်ပါးက “တိုက်အိမ် ဆောက်နိုင်တယ်၊ ကား အကောင်းစား ၀ယ်စီးနိုင်တယ်၊ ရာထူး အကြီးကြီး ရှိနေတယ်၊ ကိုယ့်ထက် ပိုပြီး ရုပ်ရည်လှပ ချောမောနေတယ်” ထိုအရာများကို ကြည့်ပြီး အလိုလို နေရင်းဖြင့်ပင် မနာလို ဖြစ်နေတတ်သည်။ သူများ ကောင်းစားနေသည်ကို မနာလိုဖြစ်ပြီး တစ်ပါးသူကို အတင်းအဖြစ် ပြန်ပြောသော အခါတွင်လည်း ထိုသူ၏ မျက်နှာ ကိုယ်ဟန် အမူအယာကအစ မဲ့ကာ၊ ရွဲ့ကာ၊ နှုတ်ခမ်းစူကာ၊ စောင်းချိတ် ကြည့်ပြီး ပြောတတ်ကြလေသည်။
မိမိအတွက်လည်း ထိခိုက်သည့် အရာ မဟုတ်ပေသော်လည်း သူတစ်ပါး ကြီးပွားချမ်းသာ၊ အောင်မြင်သည်ကို သက်သက်မဲ့ မနာလိုစိတ် မွေးနေခြင်း ဖြစ်သည်။ မိမိ ဆီမှ စိုက်ပေးလိုက်ရသည့် အရာများ မဟုတ်ပေ။ သူတစ်ပါး အောင်မြင်သည်၊ တိုးတက်သည်၊ ကောင်းစားသည် ဆိုသည့် သတင်း ကြားလျှင်ပင် စိတ်ထဲ၌ မနာလိုစိတ် ဖြစ်နေတတ်သည်။ ထိုစိတ်တို့သည် သာမာန် လူတိုင်း လိုလိုတွင် ကိန်းအောင်းနေတတ်သော ဣဿာပင် ပေသည်။