အခုခေတ် လူငယ်တွေကြားမှာ Katy Perry ဆိုရင်မသိတဲ့လူမရှိလောက်ပါဘူး။ပရိတ်သတ်ရင်ထဲရောက်မယ့် သီချင်းကောင်းများစွာကိုဖန်တီးပြီးတော့ ဆုတွေတစ်ပွေ့တစ်ပိုက်နဲ့ အောင်မြင်နေတဲ့ဒီအဆိုတော်မလေးဟာ အောင်မြင်မှုတွေကို ခူးပြီးခပ်ပြီးသားအသင့်ရခဲ့တာမဟုတ်ပဲ အတော်ကိုကြိုးစားယူလာရပြီးမှ ဒီလိုမျိုးနေရာတစ်နေရာ ရလာတာပါ။ကဲ....သူ့ရဲ့ဘ၀ဇာတ်ကြောင်းကို ကြည့်ရအောင်။
Katheryn Elizabeth Hudson လို့ခေါ်တဲ့သူ့ကို ၁၉၈၄ခုနှစ်၊အောက်တိုဘာ ၂
၅ရက်နေ့မှာ အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်မှာမွေးခဲ့ပါတယ်။သူ့ရဲ့ ရှေးရိုးဆန်တဲ့မိဘနှစ်ပါးဟာ သူငယ်စဉ်က Rock နဲ့ Pop သီချင်းမျိုးတောင် နားထောင်ခွင့်မပေးခဲ့ပါဘူး။”ကျွန်မငယ်ငယ်တုန်းက နားထောင်လို့ရတာက Sister Act 1 နဲ့ 2 သီချင်းတွေပဲရှိခဲ့ပါတယ်” လို့ အင်တာဗျူးတစ်ခုမှာပြောခဲ့ပါတယ်။သူနဲ့သူ့မွေးချင်းနှစ်ယောက်ဟာ MTV နဲ့ VH1 ချန်နယ်တွေကိုလည်း ကြည့်ခွင့်မရခဲ့ပါဘူး။သူ့ရဲ့မျိုးနွယ်ကိုပြန်ကြည့်မယ်ဆိုရင်တော့ ဒီအဆိုတော်ဟာ Portuguese, German, Irish နဲ့ English မျိုးနွယ်တွေကနေ သက်ဆင်းလာပါတယ်တဲ့။
ဒီလိုမျိုး ရှေးရိုးစွဲမိဘတွေလက်ထဲမှာဗိုင်းကောင်းကျောက်ဖိနေခဲ့ရတဲ့ Perry ဟာ အသက်၉နှစ်အရွယ်မှာတော့ သီချင်းဆိုသင်တန်းတက်ခဲ့ပြီးတော့ အသက်၁၃နှစ်လောက်မှာ ဂစ်တာတီးသင်ခဲ့ပါတယ်။
သီချင်းဆိုသင်တန်းတက်ဖြစ်ပုံကလည်း သူ့ရဲ့အဆိုပညာပါရမီကို လျစ်လျူမရှုနိုင်တဲ့ မိဘတွေက သီချင်းဆိုသင်တန်းတက်ဖို့ခွင့်ပြုလိုက်တာနဲ့ အဲဒီအခွင့်အရေးကို အမိအရဖမ်းဆုပ်နိုင်ခဲ့တာပါ။ငယ်စဉ်ကနေ အသက်၁၇နှစ်လောက်အထိ ဘုရားကျောင်းမှာသီချင်းတွေဆိုခဲ့ပြီးတော့ သူနဲ့ရင်းနှီးကျွမ်းဝင်တာဆိုလို့ ဓမ္မတေးတွေပဲရှိခဲ့ပါတယ်။ ဒီအချိန်ဝန်းကျင်လောက်မှာ ဂီတပါရမီပါပြီး ၀ါသနာကြီးလွန်းတဲ့အတွက်သူ့မိဘတွေရဲ့ ချုပ်ချယ်မှုကိုကြိုးစားပြီး တွန်းလှန်ခဲ့ပါတော့တယ်။အသက် ၁၅နှစ်မှာ ဘုရားကျောင်းမှာသီချင်းဆိုနေရင်းနဲ့ Nashville ကအဆိုတော်တစ်ယောက်ကသူ့ရဲ့အရည်အသွေးကိုမြင်တွေ့ပြီးတော့ အဆိုစွမ်းရည်နဲ့သီချင်းရေးတဲ့ပညာတွေကို အရောင်တင်ပေးဖို့ကြိုးစားခဲ့ပါတယ်။ဒီလိုနဲ့ပဲ ဂီတလမ်းကြောင်းပေါ်ကို လျှောက်ဖို့ရွေးချယ်ခဲ့ပြီးတော့ မိခင်နဲ့အတူ Nashville ကိုထွက်လာပြီး Perry ဟာ သီချင်းအကြမ်းတွေကိုအသံသွင်းရင်းနဲ့ Country music တွေကို ဘယ်လိုသီဆိုရမလဲဆိုတာကို ကောင်းကောင်းသင်ကြားခဲ့ရပါတယ်။အဲဒီလိုနဲ့ ၂၀၀၁ ခုနှစ်မှာထွက်လာခဲ့မယ့် Rock style ဓမ္မသီချင်းခွေဖြစ်တဲ့ Katy Husdon ဆိုတဲ့အခွေကိုအသံသွင်းခဲ့ပါတယ်။ဒါပေမယ့် ဒီအခွေဟာလုံးဝနာမည်မကြီးခဲ့ပဲနဲ့ လူအချို့ပဲ နားထောင်ဖြစ်ခဲ့ပါတယ်။အဲဒီအခွေအတွက် The Strangely Normal Tour ထွက်ခဲ့ပေမယ့် လုံးဝကိုမအောင်မြင်ခဲ့တာပါ။၂၀၀၇ခုနှစ်မှာတော့ Capitol Records နဲ့စာချုပ်ချုပ်ပြီး Katy Perry ဆိုတဲ့အနုပညာနာမည်ကို ရွေးခဲ့ပါတယ်။ပိုက်ဆံအရရော အနုပညာအရရော ထိုးဖောက်နိုင်တဲ့အခွေကတော့ ၂၀၀၈ ခုနှစ်မှာထွက်တဲ့ One of the Boys က ပထမဆုံးပါ။အဲဒီအခွေမှာတော့ “I Kissed a Girl”, “Hot n Cold” နဲ့ “Waking Up in Vegas”တို့က အောင်မြင်တဲ့ singles တွေဖြစ်ခဲ့ပါတယ်။ဒီအခွေအတွက် Hello Katy Tour ထွက်ခဲ့ပြီးတော့ အဲဒီနောက်ပိုင်းမှာ ဒုတိယအခွေ Teenage Dream အခွေအတွက်အသံသွင်းဖို့ပြင်ဆင်ခဲ့ပါတယ်။၂၀၀၉ ခုနှစ်မှာ Timberland ရဲ့သီချင်း If we ever meet again မှာ featuring ဆိုပေးခဲ့ပြီး လူကြိုက်များတဲ့သီချင်းတစ်ပုဒ်ဖြစ်ခဲ့ပါတယ်။ ၂၀၁၀ သြဂုတ်လမှာ ဒုတိယအခွေထွက်အပြီးမှာတော့သူ့သီချင်းတွေက အနုပညာအရရော ငွေကြေးအရပါ အောင်မြင်နေပါပြီ။Billboard Hot 100 မှာ “California Gurls”,”Teenage Dream”, “Firework”,
The One That Got Away”, “E.T” နဲ့ “Last Friday Night(T.G.I.F) တို့က ထိပ်ဆုံးမှာ အချိန်တော်တော်ကြာကြာရပ်တည်နိုင်ခဲ့ပါတယ်။ဒီအခွေအတွက်လည်း California Dreams Tour ထွက်ခဲ့ပါသေးတယ်။
အဲဒီအခွေနဲ့အတူ သူမဟာ Hot 100 မှာ ၆၉ပတ်ဆက်တိုက်ရပ်တိုင်နိုင်တဲ့ တစ်ဦးတည်းသောအဆိုတော်ဖြစ်လာတဲ့အပြင် အမေရိကားမှာ သီချင်း ၃၈သန်းရောင်းရပြီးတော့ တစ်ကမ္ဘာလုံးအနေနဲ့ အခွေ၁၁သန်းနဲ့သီချင်းပေါင်း၇၅သန်း ရောင်းရတဲ့အဆိုတော်ဖြစ်လာပါတယ်။၂၀၁၁ MTV ဆုပေးပွဲမှာ Artist of the Year ဆုရခဲ့ပြီးတော့ ၂၀၁၂ မှာလည်း Album of the Year အပါအ၀င် Grammy Awards ၈ဆုအထိလျာထားခံခဲ့ရပါတယ်။၂၀၁၁မှာတော့ ငွေရေးကြေးရေးအရအအောင်မြင်ဆုံးအဆိုတော် တွေစာရင်းမှာ ၀င်ငွေ ဒေါ်လာ ၁၁သန်းကျော်နဲ့ နံပါတ်၁၄ရခဲ့ပါတယ်။Billboard က Perry ကို ၂၀၁၂ ရဲ့ Woman of the Year အဖြစ်သတ်မှတ်ခဲ့ပါတယ်။Katy Perry ဟာ ဂီတဘက်မှာပဲ အောင်မြင်ခဲ့တာမဟုတ်ပဲနဲ့ ၂၀၁၀ခုနှစ်မှာ Purr ဆိုတဲ့နာမည်နဲ့ ရေမွှေးထုတ်လုပ်ခဲ့ပါသေးတယ်။
အဲဒီရေမွှေးပုလင်းက ကြောင်ပုံစံပုလင်းနဲ့ထုတ်ပိုးထားပြီးတော့ ဆိုင်တော်တော်များများပေါ်မှာ တင်ပြီးရောင်းချခံခဲ့ရပါတယ်။အဲဒီရေမွှေးရဲ့ အောင်မြင်မှုကလည်း တကယ်မသေးခဲ့ပါဘူးတစ်ကမ္ဘာလုံးအနှံ့မှာ Purr ရေမွှေးကြောင့် အမေရိကန်ဒေါ်လာ သန်းငါးရာကျော်ရခဲ့တယ်ဆိုတာ တကယ်ကိုမယုံနိုင်စရာပါ။ဒီဇင်ဘာလမှာတော့ ဒုတိယရေမွှေးတံဆိပ် Meow ကိုထပ်ထုတ်ခဲ့ပါတယ်။ရုပ်ရှင်ဘက်မှာဆိုရင်လည်း သူ့ရဲ့ 3D film ဖြစ်တဲ့ Katy Perry: Part of Me ကို Paramount Pictures ကဖြန့်ချိခဲ့ပြီးတော့ ၀င်ငွေ သန်းသုံးဆယ်ကျော်ရခဲ့ပါတယ်။
ဒီလိုဘက်စုံအောင်မြင်ခဲ့တဲ့ Katy Perry ဟာအချစ်ရေးမှာတော့ ကံခေခဲ့ပါတယ်။New York မှာသီချင်းတွေသွင်းရင်းနဲ့ Gym Class Heroes အဖွဲ့ထဲက Travie McCoy နဲ့ဇာတ်လမ်းတွေဖြစ်ခဲ့ပေမယ့် သိပ်မကြာခင်မှာပဲ ပြတ်သွားခဲ့ရပါတယ်။ဒီဇာတ်လမ်းအပြီးမှာတော့ အင်္ဂလိပ်ဟာသ သရုပ်ဆောင် Russell Brand နဲ့တွဲခဲ့ပါတယ်။ Brand နဲ့ ၂၀၀၈ခုနှစ်မှာစတွေ့ခဲ့တာဖြစ်ပြီးတော့ ၂၀၀၉ခုနှစ်မှာမှ ချစ်သူတွေဖြစ်တာပါ။တွဲဖြစ်ပုံက ၂၀၀၉ခုနှစ် စက်တင်ဘာလမှာကျင်းးပတဲ့ MTV video music awards ဆုပေးပွဲမှာ Brand ကအစီအစဉ်ကြေငြာသူလုပ်ပြီးတော့ အဲဒီပွဲအပြီးမှာ သူတို့စတွဲခဲ့တာပါတဲ့။Brand က “အဲဒီပွဲမှာ သူဘာဆုမှမရခဲ့ပါဘူး။အဲဒီတုန်းက သူနဲ့ကျွန်တော် ဟိုတယ်တစ်ခုတည်းမှာတည်းခဲ့ပါတယ်။သူမက ၀မ်းနည်းလို့ငိုကျွေးနေတဲ့အချိန်မှာ ကျွန်တော့်ရဲ့ပုခုံးပေါ်မှာသူ့ကိုပေးငိုပြီးတော့ ဒီလိုနဲ့ပဲချစ်သွားကြတာပါ” ဆိုပြီး သူတို့အကြောင်းကိုပြောပြခဲ့ပါတယ်။၂၀၀၉ ဒီဇင်ဘာမှာ အိန္ဒိယကိုခရီးသွားရင်း အဲဒီမှာသူတို့စုံတွဲစေ့စပ်ခဲ့ပြီးတော့ ၂၀၁၀ အောက်တိုဘာ၂၃မှာ အဲဒီနေရာမှာပဲ သူတို့နှစ်ယောက်လက်ထပ်ခဲ့ပါတယ်။
လပ်ထပ်ပြီး ၁၄လအကြာ၊ ၂၀၁၁ ဒီဇင်ဘာ ၃၀မှာ သူတို့နှစ်ယောက် L.A မှာ ကွာရှင်းခဲ့ပါတယ်။အဲဒီသတင်းကြောင့် မီဒီယာတွေ လှုပ်လှုပ်သည်းသည်းဖြစ်သွားပြီး Perry လည်း သတင်းသမားတွေရဲ့အာရုံစိုက်မှုကို တော်တော်ခံခဲ့ရပါတယ်။မကွာရှင်းခင်ကတည်းက ဆက်ဆံရေးတွေအေးစက်နေခဲ့တဲ့သူတို့စုံတွဲဟာ ၂၀၁၁ ရဲ့ခရစ်စမတ်ကာလကို ကမ္ဘာရဲ့တစ်ယောက်တစ်ခြမ်းစီမှာ နေပြီးကုန်လွန်ခဲ့တာပါတဲ့။အဲဒီတုန်းက Perry က ဟာဝိုင်ယီမှာရှိနေပြီးတော့ သူ့ယောက်ျားက လန်ဒန်မှာရှိနေခဲ့ပြီး နှစ်ယောက်လုံးလက်မှာ လက်စွပ်တွေမ၀တ်ထားခဲ့ကြတော့ပါဘူး။
အခုနောက်ဆုံးလှုပ်ရှားမှုတွေအနေနဲ့တော့ အမေရိကန်သမ္မတ အိုဘားမားရဲ့ ဒုတိယသမ္မတသက်တမ်းအတွက် မဲဆွယ်ပွဲမှာ Katy Perry က သူ့ရဲ့နာမည်ကြီးသီချင်းတွေဖြစ်တဲ့ “Teenage Dream”, “Firework” နဲ့ “Wide Awake” တို့နဲ့ဖျော်ဖြေပေးခဲ့ပါတယ်။မွေးကတည်းကပါလာတဲ့ ဂီတပါရမီ၊ဆွဲဆောင်မှုရှိတဲ့အသံ၊ရိုးရှင်းတဲ့စရိုက်၊ပရိတ်သတ်တွေရင်ထဲရောက်တဲ့ စာသားတွေနဲ့အတူ Katy Perry ဟာ အခုဆိုရင် ကမ္ဘာကျော်အဆိုတော်တစ်ယောက်ဖြစ်နေပါပြီ။သူ့ရဲ့အောင်မြင်မှုတွေက မရပ်တန့်သွားသေးပဲနဲ့ ဆက်ပြီးဒီထက်အောင်မြင်ဖို့အလားအလာတွေပဲရှိတဲ့အတွက် သူ့သီချင်းတွေကိုစောင့်မျှော်နားထောင်ပြီးတော့ အားပေးလိုက်ရအောင်လား....
All Credit to LonelyMoon.
No comments:
Post a Comment